အနုရုဒ္ဓါ ၊ အရှင် (အေဒီ ၁၂-ရာစု မတိုင်မီ)
အဘိဓမ္မတ္ထသင်္ဂဟ(သင်္ဂြိုဟ်)ကျမ်းပြုဆရာအကြောင်း
အရှင်အနုရုဒ္ဓါသည် အဘိဓမ္မတ္ထသင်္ဂဟ-ဟူသော အရှင်မြတ် ရေးသားသည့်ကျမ်းစာကြောင့် ထေရဝါဒနိုင်ငံရှိ ဗုဒ္ဓဘာသာလောက၌ အလွန်ထင်ရှားသည်။ မြန်မာနိုင်ငံ ၌မူ ထိုကျမ်းကို အဘိဓမ္မာအခြေခံကျမ်းစာအဖြစ် ငယ်စဉ်ကပင် သင်ယူကြရသည်။ ရာစုနှစ်ပေါင်းများစွာ ကတည်းက မြန်မာဆရာတော်ကြီးများသည် အဘိဓမ္မတ္ထသင်္ဂဟ (သင်္ဂြိုဟ်)ကျမ်းကို ဗဟိုပြု၍ နိဿယ၊ အရကောက်၊ ဂဏ္ဌိ- စသည့် အဘိဓမ္မာဆိုင်ရာ ကျမ်းမျိုးစုံကို ပါဠိမြန်မာ နှစ်ဘာသာဖြင့် ရေးသားခဲ့ကြသည်။ အဘိဓမ္မတ္ထသင်္ဂဟကျမ်းဟူသော လှေငယ်ဖြင့် အဘိဓမ္မခုနစ်ကျမ်းဟူသော သမုဒ်ပြင်ကျယ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ကူးခတ်နိုင်ခဲ့ကြသည်။ ကျမ်းစာပင် သေးငယ်သော်လည်း အဘိဓမ္မာလေ့လာသူ တစ်ယောက်အဖို့ အဖိုးမဖြတ်နိုင်သော ရတနာနှင့် ပမာတူသည်။ ယခုအခါ ယင်းကျမ်းကို ဘာသာအမျိုးမျိုးတို့ဖြင့် ပြန်ဆိုထားပြီးဖြစ်သည်။
ဤအရှင်သည် အဘိဓမ္မတ္ထသင်္ဂဟကျမ်းအပြင် နာမရူပပရိစ္ဆေဒနှင့် ပရမတ္ထဝိနိစ္ဆယကျမ်းတို့ကိုပါ ရေးခဲ့သည်။ အနုရုဒ္ဓသာတကအမည်ရှိ (သက္ကတဘာသာ) ကျမ်းကိုလည်း ဤအရှင်မြတ်ပင် ရေးသားခဲ့သည်ဟု သီဟိုဠ် ပါဠိစာပေသမိုင်း ပညာရှင်တို့ ကျယ်ပြန့်စွာလက်ခံ ယုံကြည်ကြသည်။
#ကျမ်းစာအကြောင်း
အရှင်မြတ်၏ အပြောင်မြောက်ဆုံးကျမ်းမှာ အဘိဓမ္မတ္ထသင်္ဂဟကျမ်းဖြစ်သည်။ အရှင်မြတ်သည် ယင်းကျမ်းကို မူလသောမဝိဟာရ၌ သီတင်းသုံးစဉ် နမ္ပအမည်ရှိ လူဥပသကာ (သီဟိုဠ်ဆရာတို့အလို အရှင်နမ္ဗမထေရ်၁) တောင်းပန်၍ ရေးသည်။ ယင်းကျမ်း၌ စိတ်စေတသိက်တို့ကို ကိုယ်ကျင့်တရားရှုထောင့်မှ အမျိုးအစား ခွဲခြားပြသည်။ ဒွါရခြောက်ခုမှတစ်ဆင့် ဝီထိစိတ်တို့၏ဖြစ်ပေါ်ပုံ တင်ပြချက်မှာ စိတ်ဝင်စားဖွယ်ကေင်းသည်။ ဤမျှ ရှင်းလင်း တိကျသည့် စိတ်ဖြစ်စဉ်ရှင်းပြချက်ကို မည်သည့်စိတ်ပညာစာအုပ်တွင်မှ မတွေ့ရဟု အင်္ဂလိပ်ဘာသာပြန်ဆိုသူ သီဟိုဠ်ဆရာတော် အရှင်နာရဒက ဆိုခဲ့သည်။ အဘိဓမ္မတ္ထသင်္ဂဟ၌ ထင်ရှားသည့်ဋီကာ(အဖွင့်ကျမ်း) လေးစောင်ရှိသည်။ ယင်းတို့ မှာ အောက်ပါအတိုင်းဖြစ်သည်-
၁။ အဘိဓမ္မတ္ထသင်္ဂဟပေါရာဏဋီကာ ဥဒုမ္ဗရဂိရိ အရှင်မဟာကဿပမထေရ် စီရင်သည်။
၂။ အဘိဓမ္မတ္ထဝိဘာဝိနီဋီကာ အရှင်သုမင်္ဂလသာမိမထေရ် စီရင်သည်။
၃။ သင်္ခေပဝဏ္ဏနာဋီကာ ပုဂံအရှင်သဒ္ဓမ္မဇောတိပါလမထေရ် စီရင်သည်။
၄။ ပရမတ္ထဒီပနီဋီကာ (သင်္ဂြိုဟ်မဟာဋီကာ) လယ်တီဆရာတော် အရှင်ဉာဏဓဇ စီရင်သည်။
ထို့ပြင် အဘိဓမ္မတ္ထဝိဘာဝိနီဋီကာကျမ်းပြု အရှင်သုမင်္ဂလသာမိ မထေရ်၏ဆရာ အရှင်သာရိပုတ္တရာလည်း သီဟိုဠ်ဘာသာဖြင့် နိဿယတစ်စောင် ရေးခဲ့သည်။ အဘိဓမ္မတ္ထသင်္ဂဟကျမ်းသည် မြန်မာနိုင်ငံမှာရော သီရိလင်္ကာ နိုင်ငံမှာပါ ထင်ရှားပြီး သင်ကြားပို့ချမှု များပြားသည်။ တဖြည်းဖြည်း ယင်းကျမ်းထက်ရှေးကျပြီး ပမာဏကြီးမားသည့် အရှင်ဗုဒ္ဓဒတ္တ၏ အဘိဓမ္မာဝတာရကျမ်းကို ကျော်လွန်သွားခဲ့သည်ဟု ယူဆဖွယ်ရှိသည်။
နာမရူပပရိစ္ဆေဒကျမ်းသည် အဘိဓ္မာလေ့လာသူများ ၏ မိတ်ဆက်ကျမ်းဖြစ်၏။ ယင်းကျမ်း၌ ပရိစ္ဆေဒ (ကဏ္ဍ) ၁၃-ခုဖြင့် ဖွဲ့စည်းပြီး ဂါထာပေါင်း ၁၈၅၇-ပါဝင်သည်။ ပဏာမ၌ 'မဟာဝိဟာရဝါသီနံ၊ ဝဏ္ဏနာနယနိဿိတံ = မဟာဝိဟာရဝါသီမထေရ်တို့၏ ဖွင့်ဆိုပုံကို မှီငြမ်းပြု၍ ရေးသားမည်'ဟု ပဋိညာဉ်ပြုသည်။ နိဂုံး၌လည်း မဟာ ဝိဟာရကျောင်းတိုက်နှင့် ပညာသင်ကြားရာ ဌာနများ၊ မဟာစေတီ၊ အနုရာဓမြို့ရှိ မဟာဗောဓိပင်တို့ကို ဖော်ပြ ထားသည်။ နာမရူပပရိစ္ဆေဒကျမ်း၌ တောင်းပန်သူကို ဖော်ပြ မထားသဖြင့် ထိုကျမ်းကို မိမိ စေတနာအလျောက် ရေးခဲ့သည်ဟု ဆိုနိုင်သည်။
နာမရူပပရိစ္ဆေဒကျမ်း၌ ဋီကာနှစ်စောင်ရှိသည်။ ရှေးအကျဆုံးဋီကာကို ၁၃-ရာစုအစောပိုင်းတွင် အရှင်ဝါစိဿရရေးသည်။ ဒုတိယမြောက်ဋီကာကို ဋီကာကျော် ကျမ်းကိုရေးသူ အရှင်သုမင်္ဂလထေရ် ရေးသည်။
ပရမတ္ထဝိနိစ္ဆယကျမ်းကို တမ္ဗတိုင်း၊ တဉ္ဇမြို့တွင် သီတင်းသုံးစဉ် ထို့မြို့၌ ထင်ရှားသည့် သံဃနာယက ထေရ်တောင်းပန်၍ မဟာဝိဟာရဝါသီမထေရ်တို့၏ ပို့ချစဉ်ကိုမှီ၍ ရေးသားသည်။ အခန်းပေါင်း ၂၉-ခန်းဖြင့် စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ဟူသော ပရမတ္ထတရားလေးပါးကို ဖွင့်ဆိုသည်။ ဂါထာပေါင်း ၁၁၄၄-ဖြင့် ဖွဲ့စည်းထားသည်။ ဤကျမ်းမှာ နာမရူပပရိစ္ဆေဒကဲ့သို့ စာသင်သားတို့ တွင်ကျယ်စွာ အသုံးမပြုကြဟုဆိုသည်။ သို့ရာတွင် ယင်းနှစ်ကျမ်းလုံးမှာ အလယ်ခေတ် (အေဒီ ၁၁၀၀-၁၄၀၀ ခန့်) ပါဠိဂါထာဗန္ဓရေးဖွဲ့မှုတွင် မှတ်တမ်းတင်လောက်သော စံနမူများဖြစ်သည်ဟု ဆိုကြသည်။
ပရမတ္ထဝိနိစ္ဆယ၌ အနုရာဓပုရမြို့၊ မဟာဝိဟာရကျောင်းတိုက်နေ မဟာဗောဓိမထေရ် စီရင်သည့် မုခမတ္တကာအမည်ရှိ ဋီကာတစ်စောင်ရှိသည်။ ယင်းဋီကာသည် အေဒီ-၁၂ သို့မဟုတ် ၁၃ ရာစုဖြစ်ဖွယ်ရှိသည်၂။
ပရမတ္ထဝိနိစ္ဆယကျမ်းကို ဤအရှင်ရေးသည်ဟူသော အချက်ကို ခေတ်သစ်သုတေသီတို့ လက်မခံလိုဘဲရှိကြ သည်။ အေပီဗုဒ္ဓဒတ္တမထေရ်ကမူ နာမည်တူအခြားမထေရ်တစ်ပါး ရေးသည်ဟုယူဆသည်။ ခေတ်သစ် ပါဠိစာပေ သုတေသီအချို့သည် ရှေးဟောင်း ဋီကာကျမ်းများ၌ ဖော်ပြသည်ကို သတိမပြုမိ သို့မဟုတ် အရေးမယူလိုဘဲရှိပုံရ သည်။ အမှန်စင်စစ် ဆရာစဉ်ဆက် အစဉ်အလာ သင်ယူမှတ်သားလာသည့် ဋီကာကျမ်းများ အဆိုလည်း အလွန် ခိုင်မာသည့် သာဓကများပင်ဖြစ်သည်။ အဘိဓမ္မသင်္ဂဟကျမ်းနောက် ရာစုနှစ်များမကြာမီ အေဒီ ၁၃-ရာစုတွင် ရေးသည့် အဘိဓမ္မတ္ထဝိဘာဝိနီ (ဋီကာကျော်) ကျမ်း၌ အောက်ပါ ဖော်ပြချက်များပါရှိသည်-
'ဧဝဉ္စ ကတွာ အာစရိယေန ဣမသ္မိံယေ၀ အဓိကာရေ ပရမတ္ထဝိနိစ္ဆယေ (၈၉-ဂါထာ) ဝုတ္တံ- 'မရဏာသန္နသတ္တဿ။ပ။ ပဋိသန္ဓိ ဘဝန္တရေ'တိ (စာ-၁၃၂)။ တထာ ဟိ အာစရိယေေနေဝေတ္ထ ကာရဏံ ပရမတ္ထဝိနိစ္ဆယေ (၂၇၃-ဂါထာ) ဝုတ္တံ – 'ဉာဏာပါကာ န ဝတ္တန္တိ၊ ဇဠတ္တာ မူလသန္ဓိယာ'တိ (စာ-၁၅၇)။
အထက်ပါအဆိုအရ ဋီကာကျော်ကျမ်းပြုဆရာသည် ပရမတ္ထဝိနိစ္ဆကျမ်းကို အဘိဓမ္မတ္ထသင်္ဂကျမ်းပြု အရှင်အနုရုဒ္ဓါပင်ရေးသည်ဟု ယူဆကြောင်းထင်ရှားသည်။ သသာနဝံသနှင့် ဂန္ထဝံသတို့၌လည်း ယင်းသို့ပင်ဆိုသဖြင့် ဋီကာ ကျော်ဆရာယူဆသည့်အတိုင်းသာ မှတ်ယူသင့်သည်။
အနုရုဒ္ဓသာတကကျမ်းမှာ ၁၀၁-ဂါထာဖြင့်ဖွဲ့စည်း ထားသည့် ဝန္ဒနာ(ဘုရားရှိခိုး)ကျမ်း ဖြစ်သည်။ ယင်းကျမ်း သည် သီဟိုဠ်၌ရှိသော အနည်းငယ်မျှသော သက္ကတကျမ်းစာများစာရင်းတွင် ပါဝင်သည်။ ယင်းကျမ်းကို တည်းဖြတ်သူ ဗတုဝန္တုဒါေ၀ (Batuvantudave) အမည်ရှိ ပညာရှင် က ၁၄-ရာစုတွင်ရေးသော သဒ္ဓမ္မသင်္ဂဟကျမ်းကို ကိုးကားပြီး အဘိဓမ္မတ္ထသင်္ဂဟကျမ်းရေးသူ အရှင်အနုရုဒ္ဓါပင် ရေးကြောင်း ဖော်ပြသည်။ ဒီအောလ်ဝစ်စ် (D'Alwis)၏ ကျမ်းစာအုပ်စာရင်း၌လည်း ထိုအတူပင် ဖော်ပြသည်။ သီဟိုဠ် အစဉ်အလာအရလည်း ထိုနည်းအတိုင်းပင် လက်ခံယုံ ကြည်ကြကြောင်း သိရသည်။
သို့ရာတွင် လန်ဒန်ပါဠိတော်အသင်း (P.T.S.,London)က တည်းဖြတ်သည့် သဒ္ဓမ္မသင်္ဂဟကျမ်း၌မူ အနုရုဒ္ဓသာတကကို အရှင်အနုရုဒ္ဓါရေးသည်ဟူသော မှတ်ချက်မျိုးမတွေ့ရဟုဆိုသည်။ သီဟိုဠ်ပါဠိစာပေသမိုင်း ကျမ်းပြု မာလာလာဆေကေရကား ဖော်ပြပါ ပညာရှင် ဆရာကြီး နှစ်ယောက်၏ဖော်ပြချက်ကို အတည်ယူကာ အဘိဓမ္မတ္ထသင်္ဂဟကျမ်းပြု အရှင်အနုရုဒ္ဓါသည်ပင် အနုရုဒ္ဓသာတကကျမ်းကို ရေးသည်ဟု လက်ခံခဲ့သည်။ ယင်း ကျမ်းနိဂုံး၌ –
'ဣဒံ ဗျာဓတ္တောတ္တရမူလနာထ- ရတနာင်္ကကုရောပသထဝိရာနုရုဒ္ဓေါ' ဟုဖော်ပြသည်။
အဓိပ္ပါယ်မှာ 'ဤ(အနုရုဒ္ဓသာတက)ကျမ်းကို ဥတ္တရမူလဂိုဏ်း၏ လည်ဆွဲရတနာနှင့်တူသော ဒုတိယနာယက အရှင်အနုရုဒ္ဓါရေးသည်'ဟု ဆိုလိုသည်။ ယင်းဂိုဏ်းသည် မဟာဝံသ (အခန်း ၅၇၊ ၂၀-ဂါထာ)၌ ဖော်ပြသည့် ဥတ္တ ရောလကျောင်းတိုက်အဖြစ် ပညာရှင်တို့ ယူဆကြသည်။ ယင်းကျောင်းတိုက်ကို အေဒီ ၆၉၁-တွင် အနုရာဓမြို့၌ နန်းတက်သော မာနဝမ္မမင်းဆောက်လုပ်ပြီး အဘယဂိရိ သံဃာအား လှူဒါန်းခဲ့သည်။ ထိုအချိန်က ပထမနာယက မှာ အရှင်မောဂ္ဂလ္လာနမထေရ်ဖြစ်ပြီး အရှင်အနုရုဒ္ဓါမှာ အထက်ပါ ဂါထာအရ ဒုတိယနာယက ဖြစ်သည်။
ဤအလိုအရသော် အရှင်အနုရုဒ္ဓါသည် အဘယဂိရိဂိုဏ်းဝင်ဖြစ်သည်။ သီဟိုဠ်ပါဠိပညာရှင် Dr. မာလာလာ ဆေကေရသည် အရှင်အနုရုဒ္ဓါမထေရ် အဘယဂိရိဂိုဏ်းသားဖြစ်ခြင်းနှင့်ပတ်သက်၍ မည်သို့မျှမှတ်ချက် မပေး သော်လည်း နာမရူပပရိစ္ဆေဒကျမ်း၏ ပဏာမနှင့်နိဂုံးတို့၌ မဟာဝိဟာရဝါသီမထေရ်တို့၏ အဖွင့်နှင့်အညီ ရေးသားမည်ဟု ပဋိညာဉ်ပြုခြင်း၊ မဟာစေတီ၊ မဟာဝိဟာရကျောင်းတိုက်၊ မဟာဗောဓိပင်တို့ကို ချီးမွမ်းထောမနာ ပြုရေးသားပြီး မဟာဝိဟာရကျောင်းတိုက်နှင့် ပတ်သက်မှုရှိပုံ ဖော်ပြထားချက်တို့မှာ စိတ်ဝင်စားဖွယ်ကောင်းသည်ဟုသာ ဆိုခဲ့သည်။
မှတ်ချက်။ ။မြန်မာလို ပ-အက္ခရာနှင့် 'နမ္ပ'ဟု ရေးသော်လည်း သီဟိုဠ်ပညာ ရှင်များက 'နမ္ဗ' (အင်္ဂလိပ် Namba) ဟုပေါင်းကြပြီး ရဟန်းအနေဖြင့် ယူကြသည်။
#မွေးဇာတိ
အရှင်မြတ်ကို ဂန္ထဝံသကျမ်း (စာ-၆၇)၌ သီဟိုဠ်ကျမ်းပြု ပုဂ္ဂိုလ်များစာရင်း၌ ထည့်သွင်းသည်။ သီဟိုဠ်အစဉ်အလာ အရမူ အရှင်အနုရုဒ္ဓါသည် သီဟိုဠ်ဇာတိဖြစ်ပြီး အိန္ဒိယတောင်ပိုင်း၊ ကဉ္စိပုရမြို့၌ သီတင်းသုံးနေထိုင်ခဲ့သည်ဟု ယေဘုယျအားဖြင့် ယုံကြည်ထားကြသည်။ သို့ရာတွင် ပရမတ္ထဝိနိစ္ဆယကျမ်း နိဂုံး၌ အောက်ပါဂါထာ ပါရှိသည်- 'သေဋ္ဌေ ကဉ္စိဝရေ ရဋ္ဌေ၊ ကာဝေရိ နဂရေ ဝရေ။ ကုလေ သဉ္ဇာတဘူတေန၊ ဗဟုဿုတေန ဉာဏိနာ။ 'ကဉ္စိဝရတိုင်းမြတ်၏ ကာဝီရမြို့ရှိ မြင့်မြတ်သော အမျိုး၌ ဖွားမြင်လျက် ကြားမြင်သုတနှင့်ပြည့်စုံပြီး ဉာဏ်ပညာထက်မြက်သူ အရှင်အနုဒ္ဓါမထေရ်သည် (ပရမတ္ထဝိနိစ္ဆယ ကျမ်းကိုရေးသည်)'။
ဖော်ပြပါဂါထာအရ အရှင်အနုရုဒ္ဓါသည် အိန္ဒိယတောင်ပိုင်း၊ စောဠတိုင်း၊ ကဉ္စိဝရနယ်၊ ကာဝေရိမြို့၌ ဖွားမြင်သည်။ စောဠတိုင်းကို အသောကကျောက်စာများ၌ စောဍတိုင်းဟု ဖော်ပြသည်။ ယခုအခါ ထင်ရှားသည့် ကာနူးလ် (Karnul) မြို့သည် စောဠတိုင်း၏ နန်းမြို့ တော်ဖြစ်ဖူးသည်။ မဇ္ဈိမနိကာယ် အဋ္ဌကထာနိဂုံး၌ အရှင်မဟာဗုဒ္ဓဃောသ ဖော်ပြခဲ့သည့် ကဉ္စိပုရနှင့် ကဉ္စိဝရသည် အတူတူဖြစ်သည်။ ယခုအခါ အဆိုပါ ကဉ္စိဝရကို ကွန်ဂျီ ဗာရမ် (Conjeveram)ဟု ခေါ်သည်။ အဋ္ဌကထာဆရာ အရှင်ဗုဒ္ဓဒတ္တ၊ အရှင်မဟာဓမ္မပါလတို့လည်း ထိုဒေသ၌ သီတင်းသုံးဖူးကြသည်။
ကဉ္စိဝရသည် ယခုမဟာရဋ္ဌ၏ပြည်နယ်၏ မြို့တော် မဒရပ်မှ အနောက်တောင်ဖက် ၅၇-မိုင်အကွာတွင် တည် ရှိသည်။ ကာဝေရိမြို့သည် 'ကာဝိရပဋ္ဋန' 'ကာဝေရပဋ္ဋန' အမည်များဖြင့် ထင်ရှားသည်။ ကာဝိရပဋ္ဋနအမည်ကို ဇာတကအဋ္ဌကထာ (ဇာ-ဋ္ဌ ၄၊ ၂၃၈)လာ အကိတ္တိဇာတ်အဖွင့်နှင့် အကိတ္တိစရိယ (စရိယာပိဋက-ဋ္ဌ၊ စာ-၂၂)တို့၌ 'ဒမိဠရဋ္ဌံ ပတွာ ကာဝီရပဋ္ဋနသမီပေ ဥယျာနေ ဝိဟရန္တော' စသည်ဖြင့်လာရှိသည်။ ထို့ကြောင့် တစ်ခေတ် တစ်ချိန်က အလွန်ထင်ရှားသော မြို့အဖြစ် မှတ်ယူနိုင်သည်။
#ခေတ်
အရှင်မြတ်ပေါ်ထွန်းရာခေတ်ကို အတိအကျမသိရချေ။ အရှင်မြတ်ရေးခဲ့သည့်ကျမ်းစာများ၌လည်း အရှင်မြတ်ပေါ်ထွန်းရာ ခေတ်နှင့်ပတ်သက်၍ ခန့်မှန်းချက်တစ်ရပ် ရနိုင်ရန် သဲလွန်စမပါရှိပေ။ အရှင်အနုရုဒ္ဓါ ရေးသားသုံးနှုန်းသည့် ဘာသာစကားဟန်အရ ယေဘုယျအားဖြင့် ၁၀- ရာစု သို့မဟုတ် ၁၂-ရာစုထက် မစောနိုင်ဟု ပညာရှင်တဆိုကြသည်။ အခြားသော အထောက်အထားများအရမူ ၁၂-ရာစုအစပိုင်းဟု ခန့်မှန်းကြသည်။ ပထမ ပရက္ကမဗာဟုမင်း (၁၁၅၃-၁၁၈၆) နှင့်ခေတ်ပြိုင်ဖြစ်သူ အရှင်သာရိပုတ္တရာသည် အဘိဓမ္မတ္ထသင်္ဂဟကျမ်းကို သီဟိုဠ်ဘာသာဖြင့် နိဿယတစ်စောင် ရေးခဲ့သဖြင့် ထိုခေတ် မတိုင်မီ အဘိဓမ္မတ္ထသင်္ဂဟကျမ်းကို ရေးခဲ့သည်ဟူ၍ကား အတိအကျ ဆိုနိုင်သည်။
အရှင်အနုရုဒ္ဓါအား ပရမတ္ထဝိနိစ္ဆယကျမ်းကို ရေးသူအဖြစ် ယူဆနိုင်လျှင် ကဉ္စိပုရ၊ ကာဝေရိပဋ္ဋနမြို့များ၌ ဗုဒ္ဓ သာသနာတော်စည်ပင်စဉ်ကဖြစ်နိုင်သဖြင့် ဝိသုဒ္ဓိမဂ္ဂမဟာဋီကာကျမ်းပြု အရှင်ဓမ္မပါလထက် အလွန်နောက်မကျဟု လည်းယူဆနိုင်သည်။ ထိုသို့ယူဆနိုင်လျှင် အရှင်မြတ်၏ ခေတ်ကို ၉-ရာစုနှင့် ၁၀-ရာစုထိ ခန့်မှန်းခွင့်ရှိသည်။
သီဟိုဠ်ပါဠိပညာရှင်အများစု ယုံကြည်လက်ခံသကဲ့သို့ အနုရုဒ္ဓသာတကကိုပါ အရှင်အနုရုဒ္ဓါ ရေးသည်ဟု ယူဆဘိမူ မာနဝမ္မမင်း (အေဒီ ၆၉၁)နှင့်ခေတ်ပြိုင် အေဒီ ၇-ရာစုကုန်ခါနီး ၈-ရာစုအတွင်းဟုပင် ခန့်မှန်းနိုင်ပြန်သည်။ သို့ရာတွင် အရှင်မြတ်အား အဘယဂိရိဂိုဏ်းသား ဟုဆိုရမည်လည်း ဖြစ်သည်။
အေပီဗုဒ္ဓဒတ္တမထေရ်က အရှင်အနုရုဒ္ဓါနှင့် နာမရူပပရိစ္ဆေဒကျမ်း၏ ခေတ်ကာလနှင့်ပတ်သက်၍ ကျယ်ပြန့်စွာ ဆွေးနွေးထားပြီး နောက်ဆုံးတွင် ၁၀-ရာစု သို့မဟုတ် ယင်းထက်ပင် စောနိုင်သည်ဟု ကောက်ချက်ချခဲ့သည်၃။
#မူလသောမကျောင်း
ပါဠိစာပေသမိုင်း ပညာရှင်အချို့က အဘိဓမ္မတ္ထသင်္ဂဟကျမ်းနိဂုံးလာ မူလသောမဝိဟာရကျောင်းတိုက်နှင့် ပတ် သက်၍ ယူဆချက်အချို့ကို တင်ပြခဲ့ကြသည်။ အနုရာဓပုရမြို့ရှိ ဒုတိယသေနမင်း (အေဒီ ၈၃၉-၈၇၄) ရေးထိုးခဲ့သည့် ဝေဿဂိရိယ (Vessagiriya) ကျောက်စာတွင် မူလသောကျောင်းတိုက် (Mulaso Vihara)၏ ဝိရင်္ကုရာ ရာမ (Virankurarama)ကျောင်းဟု ဖော်ပြချက် တစ်ရပ်ပါ ရှိသည်။ ဝိရင်္ကုရကျောင်းကို ပထမသေနမင်း(အေဒီ ၈၁၉-
၈၃၉) ဆောက်လုပ်ခဲ့သည်။ နိကာယသင်္ဂဟအမည်ရှိ သီဟိုဠ်သမိုင်းကျမ်း၌လည်း အဆိုပါ ဝိရင်္ကုရကျောင်း အကြောင်းကို ဖော်ပြသည်။ အကယ်၍ အဆိုပါကျောက်စာပါ မူလသောဝိဟာရကျောင်းတိုက်သည် အဘိဓမ္မတ္ထ သင်္ဂဟကျမ်း၌ဖော်ပြသည့် မူလသောမဝိဟာရဖြစ်လျှင် အရှင်နုရုဒ္ဓါသည် အဘယဂိရိဂိုဏ်းဝင်ဖြစ်သည်။ တစ်ဖန်အရှင်အနုရုဒ္ဓါပင် ရေးခဲ့သည်ဆိုသော အနုရုဒ္ဓသာတကကျမ်းပါ အချက်အလက်များကလည်း ဤအရှင်အား အဘယဂိရိဝါသီနှင့် ပတ်သက်နိုင်ခြေကို ထောက်ခံသကဲ့သို့ရှိသည်။ ထူးခြားသည်မှာ ဤအချက်ကို သီဟိုဠ်ပါဠိ ပညာရှင်တို့ ဆွေးနွေးဖော်ပြမှု မရှိခြင်းဖြစ်သည်။
မဟာဝိဟာရဝါသီဂိုဏ်းဝင် ထေရဝါဒမထေရ်ကြီးများသည် နိကာယန္တရလဒ္ဓိခေါ် ဂိုဏ်းတစ်ပါးတို့၏အယူနှင့် မ ရောယှက်မှုကို အထူးဂရုစိုက်ခဲ့ကြသည်။ သို့ဖြစ်၍ အရှင်အနုရုဒ္ဓါအနေဖြင့် အဘယဂိရိဂိုဏ်းဝင်ဖြစ်ဘိမူ သာရတ္ထဋီကာကျမ်းပြု အရှင်သာရိပုတ္တရာကဲ့သို့သော ပုဂ္ဂိုလ်က အဘိဓမ္မတ္ထသင်္ဂဟကျမ်း သီဟိုဠ်ဘာသာနိဿယကို ရေးလိမ့်မည်မဟုတ်ဟု ဆိုနိုင်သည်သာဖြစ်သည်။ နှောင်းခေတ် ဋီကာရှင်တို့လည်း အရေးတယူ ဖွင့်ဆိုခဲ့ကြမည် မဟုတ်သည်မှာ သေချာသည်။ အရှင်အနုရုဒ္ဓါကိုယ်တိုင်ပင် 'အသံကိဏ္ဏံ = ဂိုဏ်းတစ်ပါးအယူနှင့် မရောယှက် သော။ အနာကုလံ = စင်ကြယ်သော' နာမရူပပရိစ္ဆေဒကျမ်းအဖြစ် ဖော်ပြခဲ့သည်။
တစ်ဖက်တွင် အဘယဂိရိဝါသီမထေရ် အားလုံးကို ဒုဿီလပုဂ္ဂိုလ်များ၊ အယူမှားသူများဟု မဟာဝိဟာရဝါသီတို့ မယူဆကြဟုဆိုနိုင်ရိပ်ထင်သည်။ အကြောင်းမူ ဇာတကအဋ္ဌကထာ၁၌ အဘယဂိရိဝါသီ မဟာဒေ၀ မထေရ်အား သီလဝန္တအနေဖြင့် ချီးမွမ်းထားသည့် စကားရိပ်တွေ့ရသောကြောင့်ဖြစ်သည်။ ထို့ပြင် ဇာတကအဋ္ဌကထာကို ရေးသားရန် တောင်းပန်သူများတွင် မဟိသာသကဂိုဏ်းဝင် အရှင်ဗုဒ္ဓဒေဝမထေရ် ပါဝင်သည်။ မူလဋီကာကျမ်းပြု အရှင်အာနန္ဒာသည် မဟာဝိဟာရဝါသီ မဟုတ်ဘဲ ယင်းနှင့်ခြားနားသည့် ဝနဝါသီ(တောရ)ဂိုဏ်း ဝင်ဖြစ်သည်။ မောဂ္ဂလ္လာနသဒ္ဒါကျမ်းပြု အရှင်မောဂ္ဂလ္လာနမထေရ်လည်း နောင်အခါ (အေဒီ ၁၂-ရာစုနှောင်းပိုင်း) တွင် ယင်း ဥတ္တရမူလနိကာယ၏ နာယကဖြစ်သည်။
အေဒီ-၄၁၃ တွင် သီရိလင်္ကာသို့ရောက်ခဲ့သူ တရုတ်ရဟန်းတော် ဖာဟီယန်က မဟာဝိဟာရကျောင်းတိုက်၌ သံဃာသုံးထောင်ခန့်ရှိပြီး ထေရဝါဒပိဋကတ်ကိုသာ သင်ယူကြသည်၊ အဘယဂိရိကျောင်းတိုက်၌မူ သံဃာ ခြောက် ထောင်ခန့်ရှိပြီး ထေရဝါဒပိဋကတ်ကိုရော မဟာယာနပိဋကတ်ကိုပါ သင်ယူကြသည်ဟု မှတ်တမ်းတင်ခဲ့သည်။ အဘယဂိရိဂိုဏ်းဝင် မထေရ်တစ်ချို့ မဟာဝိဟာရကျောင်းတိုက် ပျက်စီးအောင် ကြံဆောင်ချက်များရှိဖူးပြီး မဟာဝိ ဟာရဝါသီအချို့လည်း အဘယဂိရိဝါသီတို့ကို မနှစ်မြို့ကြကြောင်း သမိုင်းမှတ်တမ်းများ၌ ပြဆိုသည်။ သို့ရာတွင် ယင်းကျောင်းတိုက်ကြီးများသည် ရာစုနှစ်ပေါင်းများစွာကြာသည်အထိ သီဟိုဠ်ကျွန်း၌ စာပေသင်ကြားပို့ချရာ တက္ကသိုလ်ကြီးများအဖြစ် ရပ်တည်ခဲ့ကြသည်။ နှောင်းခေတ်ရာစုနှစ်များတွင် စာသင်သားများသည် ကျောင်း တိုက်တစ်ခုနှင့်တစ်ခု ကူးလူးသွားလာ၍ ပညာဆည်းပူး ခဲ့ကြဖွယ်ရှိသည်။
ဖော်ပြပါအချက်တို့ကို အခြေပြု၍ အိန္ဒိယတောင်ပိုင်း၌ မွေးဖွားသူ အရှင်အနုရုဒ္ဓါသည် မဟာဝိဟာရ ကျောင်းတိုက်မှာ ပညာသင်ယူပြီးနောက် သက္ကတဘာသာအတွက် အဘယဂိရိကျောင်းတိုက်မှာပါ စာပေလေ့လာဖူးလျက် တစ်ချိန်တွင် သီဟိုဠ်ကျွန်း၊ အဘယဂိရိကျောင်းတိုက်၏ တိုက်ခွဲဖြစ်သည့် မူလသောမဝိဟာရကျောင်း တိုက်နှင့် အိန္ဒိယတောင်ပိုင်း၊ တမ္ဗတိုင်း၊ တဉ္ဇ (Tanjore) မြို့တို့၌ သီတင်းသုံးဖူးသည်ဟု ယူသော် ရအံ့ထင်ပါသည်။
#စကားကြွင်း
အချို့က အဘိဓမ္မတ္ထသင်္ဂဟနိဂုံးပါ နမ္ပဟူသည် သီဟိုဠ်အမည် မဟုတ်သောကြောင့် ယင်းမူလသောမဝိဟာရ ကျောင်းတိုက်သည် သီဟိုဠ်ကျွန်း၌မဟုတ်ဘဲ ထိုခေတ်က ဗုဒ္ဓဘာသာထွန်းကားရာ အိန္ဒိယတောင်ပိုင်း ကာဝေရိပဋ္ဋန မြို့၌ ဖြစ်ဖွယ်ရှိသည်ဟုဆိုသည်။
လယ်တီဆရာတော်ကမူ 'သီဟဠဒီပေ တုမူလသောမဝိဟာရေ သံဃဿ ပါကဝတ္တမှိ တာလပဏ္ဏံ ဝိက္ကိဏိတွာ ကရီယတိ'ဟူသော ခုဒ္ဒသိက္ခာဋီကာဟောင်း (စာ-၁၇၉)ကို ကိုးကား၍ သင်္ဂြိုဟ်နိဂုံးစကားကို 'ပုညေန တေန တုမူလ သောမ' ဟု တည်ပုဒ်ယူပြီး 'တုမူလသောမ'အမည်ကို ယူခဲ့သည်။ သို့သော် ယင်းကျောင်းတိုက်အမည်ကို သီဟိုဠ် သမိုင်းရေးဆရာတို့ ဖော်ပြမှသာ သိနိုင်မည်ဖြစ်သည်။
အစဉ်အလာဆိုစဉ်တစ်ရပ်မှာ 'အရှင်အနုရုဒ္ဓါနှင့် အရှင်ဗုဒ္ဓဒတ္တတို့မှာ ဆရာတူတပည့်ဖြစ်သည်။ ဆရာ့ကျေးဇူးဆပ်သည့်အနေဖြင့် အရှင်ဗုဒ္ဓဒတ္တက အဘိဓမ္မာဝတာရ ကိုရေးပြီး အရှင်အနုဒ္ဓါက အဘိဓမ္မတ္ထသင်္ဂဟကို ရေးသည်။ ဆရာမထေရ်က 'အရှင်ဗုဒ္ဓဒတ္တ၏ကျမ်းစာသည် အခန်းထဲ ရတနာတွေထည့်ပြီး အလုံပိတ်ထားသည်နှင့်တူလျက် အနုရုဒ္ဓါ၏ကျမ်းကမူ အခန်းထဲ ရတနာတွေထည့် ပြီး ဖွင့်ထားသည်နှင့်တူသည်'ဟု မှတ်ချက်ပေးဟုဆိုသည်။
(Ashin Kelasa ပြုစုသည်)
ဆဋ္ဌသင်္ဂီတိပိဋက Aung AungZaw
- မူရင်းလင့် = https://www.facebook.com/ven.indavamsa.92/posts/pfbid0jHFg7ZgcBYqxE2MPEJi8MN6L1YdCnbWDCn1zBJcdd7oa3po9t9kMu3cLyKbh443vl
Comments
Post a Comment