ကလျာဏီကျောက်စာ
ရာဇာနှင့်သာသနာ (ပါရဂူ) ဟံသာ၀တီသမိုင်း၌ ဘုရင်မ ရှင်စောပုနန်းစံပြီး ဟံသာ၀တီထီးနန်းတွင်စံမြန်းစိုးစံသောမင်းမှာ ဓမ္မစေတီဖြစ်သည်။ ဓမ္မစေတီသည် မြန်မာနိုင်ငံသမိုင်း၌ ထင်ရှားကျော်ကြားသော ဘုရင်တစ်ပါးဖြစ်ရုံမျှမက မြန်မာနိုင်ငံ သာသနာ့သမိုင်း၌လည်း သာသနာပြုဘုရင်တစ်ပါးအဖြစ် တင့်တင့်တယ်တယ် ထည်ထည်ဝါဝါ နေရာရရှိနေသော ဘုရင်တစ်ပါး ဖြစ်သည်။ ပုဂံပြည်တည်ဆောက်သူအနော်ရထာဘုရင်သည် သထုံမှပိဋကတ်တော်ကို ဆောင်ကြဉ်းလာပြီး ပုဂံပြည်၌ထေရဝါဒသာသနာတော်ကို ဖြန့်ဖြူးသောကြောင့် မြန်မာနိုင်ငံ သာသနာ့သမိုင်း၌ သာသနာ့ဒါယကာ ဘုရင်တစ်ပါးအဖြစ်ထင်ပေါ်ကျော်ကြားနေသည်။ အနော်ရထာ တည်ဆောက်သော ပုဂံပြည်ဗိမာန်ကြီးတွင် အနော်ရထာ ဖြန့်ဖြူးသော ထေရဝါဒသာသနာတော် စုလစ်မွန်းချွန်သည် ငွားငွားစွင့်စွင့်တင့်တယ်တောက်ပနေသည်။ အနော်ရထာနောက်တွင် မြန်မာနိုင်ငံသမိုင်း၌ သာသနာ့ဒါယကာအဖြစ်ထင်ပေါ်ကျော်ကြားသောဘုရင်နှစ်ပါးရှိသည်။ ဓမ္မစေတီမင်းနှင့် မင်းတုန်းမင်း ဖြစ်သည်။ရတနာပုံ မြို့တည်နန်းတည် မင်းတုန်းမင်းကြီး၏ သာသနာပြုလုပ်ငန်းများထဲတွင် ပဉ္စမသင်္ဂါယနာတင်ခြင်းနှင့် ပိဋကတ်သုံးပုံ ကျောက်ထက်အက္ခရာတင်ခြင်းသည် သရဖူဆောင်းသောသာသနာပြုလုပ်ငန်းများ ဖြစ်သည်။ ဓမ္မစေတီမင်းကြီ...