အာနန္ဒမေတ္တေယျ ဘိက္ခု
အဘိဓမ္မာကို ဓာတ်ခွဲခန်းဖွင့်ခဲ့သူ အာနန္ဒမေတ္တေယျဘိက္ခု
____________________
ကိုလိုနီခေတ်က အဘိဓမ္မာ စိတ်ဝီထိဖြစ်စဉ်များ သိပ္ပံနည်းကျ သက်သေပြရန် ကြိုးစားခဲ့ဖူးသည့် ဥရောပရဟန်းတော်မှာ ဥရောပသားများတွင် ဒုတိယ ထေရဝါဒ ဗုဒ္ဓဝါဒီ ရဟန်းအဖြစ် ခံယူခဲ့သူ အာနန္ဒ မေတ္တေယျခေါ် လူအမည် အယ်လန် ဘင်းနက် (Allan Bennett) ဖြစ်သည်။ ဆရာကြီး ပါရဂူက သူ၏ "ပဏ္ဍိတကထာ" စာအုပ်တွင် အလ်လန် ဘင်းနက်သည် သီဟိုဠ်တွင် ရဟန်းခံခဲ့၍ မြန်မာပြည်သို့ ကြွရောက်ခဲ့သည် ဟုဖော်ပြထားသည်။ သို့သော်လည်း အာနန္ဒ မေတ္တေယျ၏ အတ္ထုပ္ပတ္တိကို အတော်အတန် အပြည့် အစုံ စနစ်တကျ ရေးသားသူ အဲလီဇဘတ် ဂျေ ဟားရစ် ကမူ အယ်လန်သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သာမဏေပြုခဲ့၍ စစ်တွေ၌ပင် ရဟန်းခံခဲ့သည် ဟု ဖော်ပြထားရာ သူ၏ မှတ်တမ်းက ပို၍ မှန်ကန်မည် ထင်သည်။
အာနန္ဒမေတ္တေယျ ဘိက္ခုသည် ကိုလိုနီခေတ်တွင် မြန်မာနိုင်ငံမှ အင်္ဂလန်သို့ ပထမဆုံး အကြိမ် သွားရောက်ခဲ့သော ဗုဒ္ဓသာသာနာပြု အဖွဲ့၏ ခေါင်းဆောင်ဖြစ်ခဲ့သည်။ အာနန္ဒ မေတ္တေယျသည် မြန်မာနိုင်ငံ ရန်ကုန်တွင် နေထိုင်ကာ နိုင်ငံတကာ ဗုဒ္ဓဝါဒ အသင်းကိုတည်ထောင်ခဲ့၍ ၁၉၀၃ခုနှစ်တွင် အင်္ဂလိပ် ဘာသာဖြင့် ဗုဒ္ဓဝါဒဆိုင်ရာ ဂျာနယ်ကိုလည်း စတင်ထုတ်ဝေခဲ့သည်။ သူ၏ ဂျာနယ်သည် ဗုဒ္ဓဝါဒနှင့်ဆိုင်ရာ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ဂျာနယ်များတွင် ပထမဆုံး ဖြစ်ခဲ့သည်။ ၁၉၀၄ ခုနှစ်တွင် ဥရောပနှင့် အမေရိကရှိ စာကြည့်တိုက်ပေါင်း ၅ဝဝ-၆ဝဝ ဝန်းကျင်သို့ သူထုတ်ဝေသော ဗုဒ္ဓဝါဒဆိုင်ရာ ဂျာနယ်များကို အခမဲ့ ဖြန့်ဝေခဲ့သည်။ ၂၀-ရာစုဦး အင်္ဂလန်နှင့် ဥရောပတွင် ဗုဒ္ဓဝါဒဆိုင်ရာ အထူးသဖြင့် ထေရဝါဒဆိုင်ရာ ဗုဒ္ဓသာသနာအကြောင်း ပြန့်ပွားခဲ့သည်မှာ အာနန္ဒ မေတ္တေယျ၏ ကျေးဇူးများစွာပါသည်ဟု ဆို၏။
အာနန္ဒာ မေတ္တေယျသည် ရဟန်းမပြုမီက ဓာတုဗေဒဆိုင်ရာ သိပ္ပံပညာရှင်ဖြစ်ခဲ့၏။ မိမိ ဖတ်ခဲ့ဖူးသည်မှာ အောက်တွင် ဖော်ပြထားသည့် စာရေးဆရာကြီး ပီမိုးနင်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် ဖြစ်သည်။ ကိုလိုနီခေတ်က ဆရာကြီး ပီမိုးနင်းသည် ပြည်မြို့၌ လယ်တီ ဆရာတော်ကြီးထံတွင် ရဟန်းခံကာ ရန်ကုန်သို့ ရောက်ခဲ့ရာ အာနန္ဒ မေတ္တေယျ ဘုန်းတော်ကြီးနှင့် အတူ နေထိုင်ခဲ့ရကြောင်း ရေးသားထားသည်။ သူရေးသားထားပုံမှာ-
"၎င်းဘုန်းတော်ကြီးသည် မူလက ဓာတ်ခွဲဆရာကြီး ဖြစ်ဖူးသည့်အလျောက် ကျောင်းအောက်တွင် ဓာတ်ကိရိယာရုံကြီး ဖွင့်လှစ်ထားလျက် အဘိဓမ္မာ၌ပါသော ဝီထိကျပုံကို ဓာတ်ပုံရိုက်ရန် ငွေထောင်သောင်းမက အကုန်အကျခံကာ ကြံစည်လုံ့လထုတ်လျက် နေလေသည်။ ထိုဘုန်းတော်ကြီးပင် ကျွန်ုပ်အား ဓာတ်ခွဲနည်းပညာတို့ကို ကောင်းစွာလက်ပူး လက်ကြပ် သင်ပေးသည်" ဟူ၍ ဖြစ်သည်။ ထို့အပြင် ဆရာကြီး ပီမိုနင်းက အာနန္ဒ မေတ္တေယျ ဗုဒ္ဓဝါဒဆိုင်ရာ အင်္ဂလိပ်ဘာသာဖြင့် ဂျာနယ် ထုတ်ဝေသည်ကို သူက အတွင်းရေးမှူး အဖြစ် ကူညီဆောင်ရွက်ခဲ့ကြောင်းလည်း ရေးသားထားသည်။ အာနန္ဒာ မေတ္တေယျ ဘုန်းတော်ကြီးသည် မြန်မာနိုင်ငံ ဗုဒ္ဓသာသနာနှင့် ပတ်သက်၍လည်း စာတမ်းများ ရေးသားခဲ့သည်။ အောက်တွင် သူ၏ စာအုပ်ကို ဒေါင်းလုပ်ရယူနိုင်ပါသည်။
ဘိက္ခုကေသရ
၁၅-၀၇-၂၀၂၅
၁။ အာနန္ဒ မေတ္တေယျ၏ အတ္ထပ္ပတ္တိ
- https://www.bps.lk/olib/wh/wh420_Harris_Ananda-Metteyya--First-British-Emissary-of-Buddhism.pdf?fbclid=IwY2xjawLi4eRleHRuA2FlbQIxMABicmlkETF5Tml2Zlh4cndpRGg2cUlQAR5UOcDGTZ2cz8eTlptGZOvpoLqCJuyI-mjrGjvk_fMteZfaCs-5Nfq71clpwg_aem_eVMSzLeql2oeyTdoBSr4KA
၂။ အာနန္ဒ မေတ္တေယျ၏ စာတမ်းများ
- https://archive.org/details/MN40132ucmf_7/mode/2up?ref=ol
၃။ သူ၏ ပို့စ်ကဒ် ဓာတ်ပုံရယူသော website
- https://www.chasingchinthes.com/wp-content/uploads/2019/02/Ahuja-339-U-Ananda-Mitria.jpeg?fbclid=IwY2xjawLi4h5leHRuA2FlbQIxMABicmlkETF5Tml2Zlh4cndpRGg2cUlQAR5p8BOKmZ7TVyPbiBqdRWth7M_ihGS4c7yLvJn_tFOFTfZGSx7dCpl5dp6rdA_aem_uzovsY27Qw07-nbqDtOaDg
Comments
Post a Comment