သင်္ကန်းအရောင်
- မင်္ဂလာညချမ်းပါအရှင်ဘုရား အရှင်ဘုရား ကျန်းမာချမ်းသာပြီးလိုအင်ဆန္ဒပြည့်ဝပါစေဘုရား
တပည့်တော်လက်ဆယ်ဖြာထိပ်မှာမိုးပြီးရှိခိုးကန်တော့အပ်ပါသည်ဘုရား
တပည့်တော်ကို မေးခွန်းလေးတစ်ခုမေးမြန်းခွင့်ပြုပါအရှင်ဘုရား
ရဟန်းတော်များသည် မည်သည့်အကြောင်းကြောင့်သင်္ကန်းအရောင်များမှာ တစ်သားတည်းမဟုတ်ပဲ အရောင်ကွဲပြားနေရပါသလဲဘုရား
မြတ်စွာဘုရားလက်ထက်တော်အခါ၌ဤကဲ့သို့ ပင် သင်္ကန်းအရောင်ကွဲပြားပါသလား အရှင်ဘုရား
တပည့်တော်ကဲ့သို့မသိသေးသောသူများရှိကောင်းရှိနိုင်ပါ၏ဘုရား သနားသောအားဖြင့် အချိန်ရလျှင် ဖြေကြားပေးပါ အရှင်ဘုရား
တပည့်တော် စာသားများ၌အမှားပါ ခဲ့ပါက တပည့်ဒကာအားခွင့်လွှတ်ပေးပါဘုရား အရှင်ဘုရား ကျန်းမာချမ်းသာသာသနာအကျိုး အများအကျိုးဆထက်တပိုးသယ်ပိုးနိုင်ပါစေ ဘုရား
- မေးခွန်းအတွက် ကျေးဇူးတင်ပါတယ်ဒကာ၊ သင်္ကန်းနဲ့ပတ်သတ်လို့ မြတ်စွာဘုရားရှင် ခွင့်ပြုတော်မမူသည့် အရောင်၊ ဆိုးခွင့်မပေးမပေးသည့် အရည်ဟု ရှေးဦးစွာခွဲခြားရပါမည်။ မြတ်စွာဘုရားရှင် ခွင့်ပြုတော် မမူသည့်သင်္ကန်းအရောင်ကား အလုံးစုံညိုသောသင်္ကန်း၊ အလုံးစုံဝါသောအရောင်၊ အလုံးစုံ နီသောအရောင်၊ အလုံးစုံပြာသောအရောင်၊ အလုံးစုံမည်းသောအရောင်၊ အလုံးစုံ ကင်းခြေများ ကျောက်ကုန်းအဆင်းနှင့်တူသောအရောင်၊ အလုံးစုံဖက်ရွက်လျော်အဆင်းနှင့်တူသောအရောင်တို့ ဖြစ်ပါတယ်။ ထိုအရောင်များရှိတဲ့ သင်္ကန်းကို ခွင့်ပြုတော်မမူပါဘူး။
- နောက်ပြီးတော့ နွားချေးဖြင့်လည်းကောင်း၊ မြေနီဖြင့်လည်းကောင်း သင်္ကန်းကို ဆိုးခွင့် မပြုပါ။ အဆင်းအနေအားဖြင့် မတင့်တည်သောကြောင့်ဖြစ်သည်။
- ပိန္တွဲ၊ ညောင်တို့၏ အမြစ်ဆိုးရည်၊ ပင်စည်ဆိုးရည်၊ အခေါက်ဆိုးရည်၊ အရွတ်ဆိုးရည်၊ အပွင့်ဆိုးရည်၊ အသီးဆိုးရည် များဖြင့်သာ ဆိုးခွင့်ပြုတော်မူပါတယ်။ ထိုသို့ဆိုးထားသော မနီလွန်း မညိုလွန်း မဝါလွန်းသော အရောင်များသာ အပ်စပ်တာဖြစ်ပါတယ်။
- အရောင်တွေ ဘာကြောင့်ကွဲပြားသလဲဆိုတော့ ပိန္တွဲ၊ ညောင်စသည်ဖြင့် ဆိုးရည်မတူခြင်း၊ ဆိုးရည်နည်းခြင်း၊ ဆိုးများခြင်းကြောင့်သာ ကွဲပြာတာ ဖြစ်ပါတယ်။ ပိန္တွဲခေါက်ကိုကျိုပြီးဆိုးမည်ဆိုပါက မဝါလွန်းသောအရောင် ဖြစ်နိုင်ပြီး၊ ညောင်ခေါက်ဖြင့်ဆိုးမည် ဆိုပါက မညိုလွန်းသော အရောင်ဖြစ်နိုင်ပါတယ်။ ထိုကဲ့သို့ ပိန္တွဲ၊ ညောင်စသည်ဖြင့် ဆိုးရည်ကွဲပြားမှုကြောင့် လည်းကောင်း၊ ဆိုးရည်များသွားခြင်း၊ ဆိုးရည်နည်းသွားခြင်းများကြောင့် သင်္ကန်းရောင်များ ကွဲပြားသွားသည်ဟု မှတ်ရမည်ဖြစ်ပါတယ်။
- ယခုအခါရဟန်းတော်များ ဝတ်ရုံတော်မူကြသည့် သင်္ကန်းအရောင်များမှာ မြတ်စွာဘုရားဘုရားရှင် ပညတ် တော်မူခဲ့သည့် မဝတ်ရုံသင့်သည့်အရောင်ခြောက်ပါးမှ ကင်းလွတ်သည့် မညိုလွန်း၊ မနီလွန်း၊ မဝါလွန်းသော အရောင်များဝတ်ရုံသုံးဆောင်နေသောကြောင့် အရောင်ကွဲပြားနေပေမယ့် အပ်စပ်သော အရောင်များသာ ဖြစ်ပါသည်ဟု ဖြေကြားလိုက်ပါသည်။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
Comments
Post a Comment