ဝီရိယ (၃) မျိူး

 ပါဠိတော်နည်း ဝီရိယသုံးပါး


မည်သည့်နည်းစနစ်ဖြင့်ပင် အားထုတ်သည်ဖြစ်စေ တရားရှုမှတ် မှုကို ပြုသည့်အခါ ယောဂီ၏ ဝီရိယသည် အင်္ဂါ (၃) ရပ်တို့နှင့် ပြည့်စုံစေရ မည် ဖြစ်၏။ ဝီရိယကို မြှင့်တင့်သည့်အခါ ဤအင်္ဂါသုံးရပ်ဖြင့် မြှင့်တင် ရမည်။ ကိုယ်ဆင်းရဲခြင်းသဘောကိုဖြစ်စေ၊ စိတ်ဆင်းရဲခြင်း သဘောကို ဖြစ်စေ ရင်ဆိုင်သည့်အခါ (သို့မဟုတ်) အားထုတ်သည့် အခါတို့၌လည်း ဤဝီရိယအင်္ဂါသုံးပါးသည် ကိလေသာမာရ်ကို ဖျက်ဆီးမည့် လက်နက် သဖွယ် အားကိုးထိုက်သည်လည်း ဖြစ်၏။ ဤဝီရိယ အင်္ဂါသုံးပါးတို့နှင့် ပြည့်စုံလျင် အရိုးကြေကြေ၊ အရေခန်းခန်း ဇွဲမလျှော့စတမ်း အားထုတ် နိုင်သည်သာ ဖြစ်သည်။ ဝီရိယအင်္ဂါသုံးပါးကို မြတ်စွာဘုရားသည် ဝီရိယနဲ့ ပတ်သက်သည့် ဒေသနာတော်များ၌ ထည့်၍ ဟော်တော်မူလေ့ရှိ၏။ 


၎င်းတို့မှာ

(၁) အစွမ်းကုန်အားထုတ်၍ ရှုမှတ်ခြင်း (ထာမ)၊

(၂) မပြတ်မလပ် တရစပ် ရှုမှတ်ခြင်း (ဒဠှပရက္ကမ)၊

(၃) လက်မလျှော့၊ အရှုံးမပေးပဲ ရှုမှတ်ခြင်း (အနိက္ခိတ္တဓုရ)။


(ဝိတ္တထသုတ်၊ အံ၊၂၊ ၂)


(၁) ထာမဟူသည်စွမ်းရည်သတ္တိ (capacity)ကို ဆိုလိုသည်။ လူတစ်ယောက်၌ရှိသော ကိုယ်ခန္ဓာစွမ်းအားနှင့် အသိစိတ်စွမ်းအားကို ဆိုလိုသည်။ ထို့ကြောင့် ကမ္မဋ္ဌာန်းအားထုတ်သည့်အခါ ယောဂီသည် အားစိုက်နိုင်သည့် စွမ်းပကားပမာဏကို အကုန်ထုတ်သုံး၍ အားထုတ်ရ ကိုယ်အား၊ စိတ်အားတို့ဖြင့် စွမ်းအားရှိသလောက် အားထုတ်ရမည်။ မိမိမည် ဖြစ်သည်။ အားရှိသလောက် အားစိုက်ရမည်ဟု ဆိုလိုသည်။ ဥပမာ မိမိကိုယ်ခန္ဓာက တစ်နာရီခန့်မျှ ထိုင်ကမ္မဋ္ဌာန်းရှုမှတ်နိုင်လျှင် တစ်နာရီ အပြည့်ထိုင်နိုင်အောင် ကာယိကဝီရိယအစွမ်းကို အားကုန်ထုတ်သုံးရမည် ဖြစ်သည်။ စိတ်ကလည်း ထိုတစ်နာရီအချိန်အတွင်းမှာ ကိလေသာများ ကြားမခိုနိုင်အောင် မှတ်စရာများကို သတိထားလျက် ရှေ့အမှတ်နောက် အမှတ်စပ်နေအောင် စိတ်စူးစိုက်မှု၊ အားစိုက်မှုပြုလျက် ရှုမှတ်နေသည့် စေတသိကဝီရိယလည်း ရှိရမည်။ ဤသို့လျှင် ကာယစွမ်းအား၊ အသိစိတ် စွမ်းအားတို့ကို အကုန် ထုတ်သုံး၍ ကုသိုလ်လုပ်ငန်းများကို ဆောင်ရွက် ခြင်းနှင့် ကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်ခြင်းကို ထာမဟု ခေါ်သည်။


(၂) ဒဠပရက္ကမဟူသည် ခိုင်ခိုင်မာမာအားထုတ်ခြင်းကို ဆိုလို သည်။ ယောဂီသည် ကာယိကဝီရိယ၊ စေတသိကဝီရိယတို့ဖြင့် အကြိမ် ကြိမ် တရားမပေါ်မချင်း အားထုတ်ရမည်။ ထိုကဲ့သို့ ခိုင်မာသည့် လုံးလပြုမှုကို ဒဠပရက္ကမဟုဆိုခြင်း ဖြစ်သည်။ သတိ၊ သမာဓိ၊ ပညာတရားတို့သည် တစ်ကြိမ်တစ်ခါ အားထုတ်၍ရနိုင်သည့်တရားများ မဟုတ်ကြသောကြောင့် မြတ်စွာဘုရားရှင်သည် ယောဂီများအား အကြိမ်ကြိမ်ပွားများကြရန် ဘာဝိတာ ဗဟုလီကတာ - ကြိမ်ဖန်များစွာပွားများကြဟု မှာတော်မူခဲ့၏။ အကြိမ် ရေများများ အားထုတ်ရသကဲ့သို့ တရားရှုမှတ်သည့်အခါ၌လည်း ကိုယ်အား စိတ်အားကိုထည့်၍ တစ်မှတ်ပြီး တစ်မှတ်အားဖြင့် ရှေ့နောက်အစဉ်စပ် အောင် ထပ်တလဲလဲ ရှုမှတ်ရမည်။ တစ်ချက်မှတ်လိုက်၊ တစ်ချက်မျော လိုက် ပုံစံအားဖြင့် မဟုတ်ပဲ အမှတ်မြဲအောင် မပြတ်သောဇွဲလုံ့လဖြင့် အားစိုက်၍မှတ်ရမည် ဖြစ်သည်။ အမှတ်မလွတ်အောင် သတိဖြင့် ထိန်းညှိလျက် တရစပ် ရှုမှတ်ရမည်။ အားစိုက်ရမည်၊ အားစိုက်မှုတိုင်းကို သတိဖြင့် ထိန်းပေးရမည်။ ရှုမှတ်တိုင်းမှာလည်း ကမ္မဋ္ဌာန်းအာရုံကို သိနေရမည်။ မပြတ်မလပ် စိုက်စိုက်မတ်မတ် ရှုမှတ်မှုသည်သာ သတိတရားကို ခိုင်မာ စေပြီး၊ သမာဓိကို ဖြစ်စေမည် ဖြစ်သည်။ ထို့ကြောင့် သတိဟူသည် ဒဋိသညာ ပဒဋ္ဌာနာ − အကြိမ်ကြိမ် ရှုမှတ်ခြင်းကြောင့် ဖြစ်၏ဟု ဆိုထား ခြင်း ဖြစ်သည်။ အာရုံတပါးသို့ ပျံ့မသွားသည့် သတိသည်သာ တည်ကြည် မှု သမာဓိကို ဖြစ်စေ၏။ ထို့ကြောင့် မပြတ်မလပ်၊ တရစပ်အားဖြင့် ခိုင်မာသော အားထုတ်မှုသည် ကမ္မဋ္ဌာန်းအရာ၌လည်း အလွန်အရေးပါ သည်သာ ဖြစ်သည်။ မရမချင်း ခိုင်ခိုင်မာမာ အားလုံးတစ်ပါးသို့ လွင့်ပါး မသွားရအောင် စူးစိုက် အားထုတ်ခြင်းကို ဒဠှပရက္ကမဟု ဆို၏။

(၃) အနိက္ခိတ္တဓုရဟူသည် ဝန်ကို မချစတမ်း အားထုတ်ခြင်းကို ဆိုလိုသည်။ ဥပမာအားဖြင့် တစ်နာရီကြာသွားရသည့် တောလမ်းခရီး တစ်ခုကို အမျိုးသမီးတစ်ယောက်သည် ခေါင်းပေါ်၌ ပေါင်ငါးဆယ်လောက် လေးသည့် ဆန်ထုတ်ကြီးတစ်ထုတ်ကို ထမ်းရွက်လျက် နေညိုချိန်တွင် အိမ်ပြန်ခရီးတစ်ခုကို သွားနေရ၏။ အချိန်မှီ အိမ်ပြန်ရောက်မှ အဆင်ပြေ မည်ဖြစ်သည်။ ထိုအမျိုးသမီးသည် ကိုယ်အား၊ စိတ်အားတို့ကို တင်းလျက် ခရီးမဆုံးမချင်း ခေါင်းပေါ်မှ ဝန်ထုတ်ကြီးကို မချနားပဲ ခရီးဆုံးသို့ တစ်ခါ တည်း အရောက်ထမ်းရွက်၍ သွားလိုက်၏။ ဤအမျိုးသမီး၏ အားထုတ်မှု ဇွဲသတ္တိသည် ဝန်ကိုမချစတမ်း အားထုတ်မှုပင် ဖြစ်သည်။ ယောဂီသည်လည်း ထိုကဲ့သို့ အားထုတ်ရမည်ဖြစ်သည်။ တစ်နာရီတရားထိုင်မည်ဟု စိတ်၌ပိုင်း ဖြတ်ထားလျှင် ခန္ဓာကိုယ်ပင်ပန်း၊ ညှင်းဆဲ၊ ဆင်းရဲနေပါစေ ကမ္မဋ္ဌာန်း အလုပ်တည်းဟူသော ဝန်ထုတ်ကို မချမူ၍ သတ်မှတ်ချိန်ပြည့်သည်ထိအားထုတ်ရမည်ဖြစ်သည်။ ဤကဲ့သို့ မဖြစ်မနေ၊ မရပ်မနား၊ ကမ္မဋ္ဌာန်း အလုပ်ဝန်ကိုချီ၍ ဆုံးခန်းတိုင်အောင် အားထုတ်ခြင်းကို အနိက္ခိတ္တဓုရ‘ဝန်ကို မချစတမ်း အားထုတ်ခြင်းဟု ဆိုလိုခြင်း ဖြစ်သည်။


ကမ္မဋ္ဌားန်အလုပ်ကို အောင်မြင်လိုသည့် ယောဂီသည် ဤကဲ့သို့ လျှင် ဝီရိယကို အင်္ဂါ(၃)ပါးနှင့်အညီ အားထုတ်ရမည် ဖြစ်သည်။ ကိုယ် အား၊ စိတ်အားတို့ကို အစွမ်းကုန်သုံး၍အားထုတ်ရမည်။ တစိုက်မတ်မတ် ခိုင်ခိုင်မာမာ မြဲမြံစွာအားထုတ်ရမည်။ မရမချင်း ဇွဲမလျှော့စတမ်း အားထုတ် ရမည်။ ကမ္မဋ္ဌာန်းအလုပ်၌ ဝီရိယစိုက်သည့်အခါ ရည်ရွယ်ချက် (၄) ခု ထားရန် မြတ်စွာဘုရား မိန့်တော်မူ၏။ မဖြစ်သေးသော အကုသိုလ်သစ် များ မဖြစ်ကြစေရန်၊ ဖြစ်ပြီးသော အကုသိုလ်များလည်း ထပ်မဖြစ်ကြ စေရန်၊ မဖြစ်သေးသော ကုသိုလ်များ ဖြစ်ပေါ်ကြစေရန်နှင့် ဖြစ်ပြီးသော ကုသိုလ်များ တိုးပွားကြစေရန်တို့ ဖြစ်ကြသည်။ 


[ဂုဏ်တော်သမာဓိမှ သစ္စာဉာဏ်အသိသို့

မဂ်ဉာဏ်သို့တိုင် ဉာဏ်စဉ်ရှုမှတ်နည်း-ဘန္တေပညာစက္က၊ စာ ၁၃၄-၁၃၇]


ဧတ္ထ မဟာနမက္ကာရပါဌော နာမ “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿာ”တိ ပါဌော။ 

                      သဒ္ဒနီတိ၊ပဒမလာ၊၁၇၅။

Comments

Popular posts from this blog

လောကဝဇ္ဇ နှင့် ပဏ္ဏတ္တိဝဇ္ဇ

ရဟန်းနှင့် ပစ္စည်းလေးပါး