ယူဇနာ အတိုင်းအတာ
ယူဇနာနှင့် ခေတ်သစ်အကွာအဝေး
___________________________
ရှေးခေတ် ကျမ်းဂန်များက ယူဇနာ အကွာအဝေးနဲ့ ယနေ့ခေတ်မိုင်ဘယ်လောက်ရှိမလဲ ဆိုတော့ အတိအကျတော့ မပြောနိုင်။ တောင်ပေါက်ဆရာတော်ကြီးက ယူဇနာတွက်ပုံ (၄) နည်းကို သာသနိက ပထဝီဝင်ကျမ်း မှာ ပြထားပါတယ်။ ယနေ့ခေတ် Google map ပေါ်မှာ location ရိုက်လိုက်ရင် ကားလမ်းအတိုင်း အကွာအဝေးခန့်မှန်းကို ပြပေးပါတယ်။ သို့သော် ရှေးခေတ်က မြို့တည်နေရာတွေက ယနေ့ခေတ်ကျန်ရစ်တဲ့ အုတ်ရိုးရှိရာနေရာတွေနဲ့ အသေအချာ ပြောဖို့ ခက်တော့ အနည်းငယ် ကွဲလွဲချက်တော့ ရှိနိုင်ပါတယ်။ ရှေးခေတ်နေရာတွေထဲက နေရာနှစ်နေရာလုံးကို အသေအချာနီးပါး အတည်ပြုနိုင်တဲ့ နေရာတွေရဲ့ တစ်နေရာနဲ့ တစ်နေရာအကွာအဝေးကို ရှေးက ယူဇနာနဲ့ ယခု မိုင် အတိုင်းအတာ ဆက်စပ်မှု အရအောက်ပါအတိုင်း တွေ့ရပါတယ်။
၁။ သာဝတ္ထိ-သာကေတ။ အကွာအဝေး ရှေးခေတ် (၆/၇) ယူဇနာ၊ ယနေ့ခေတ်ကားလမ်းအတိုင်း အတိိုဆုံးလမ်း မိုင် (၆ဝ) ဆိုတော့ ၇-ယူဇနာ နဲ့ တွက်ရင် ၁ ယူဇနာ (၈) မိုင်ခွဲ၊ ၆ ယူဇနာ ဆိုရင် ၁ ယူဇနာ (၁ဝ) မိုင် ဖြစ်ပါလိမ့်မယ်။
၂။ ရာဇဂြိုဟ်-နာလန္ဒာ။ ရှေးက ၁ ယူဇနာ၊ ယခု ကားလမ်းအတိုဆုံး (၈.၆) မိုင်။
၃။ ကုသိနာရုံ- ရာဇဂြိုဟ် ။ရှေးက (၂၅) ယူဇနာ၊ ယခုခေတ် ကားလမ်း မိုင် (၂ဝဝ) ဝန်းကျင်ဆိုတော့ ၁-ယူဇနာ = ၈ မိုင်။
၄။ သာဝတ္ထိ-ရာဇဂြိုဟ်။ ရှေးက (၄၅) ယူဇနာ၊ ယခုခေတ်မိုင် (၃၆ဝ) ဝန်းကျင်ဆိုတော့ ၁ ယူဇနာ= ၈ မိုင်။
၅။ ဗုဒ္ဓဂယာ-မိဂဒါ၀ုန်။ အဖြောင့်ကားလမ်း မိုင် (၁၆ဝ) ဝန်းကျင်၊ ရှေးက (၁၈) ယူဇနာဆိုတော့ ၁-ယူဇနာ= ၈.၈ မိုင်။
၆။ သုပ္ပါရက-သာဝတ္ထိ။ ရှေးက ယူဇနာ (၁၂ဝ)၊ ယခု မိုင် (၁ဝဝဝ) ဝန်းကျင်။ ၁-ယူဇနာ = ၈.၃ မိုင်။
အထက်ကအတိုင်း ၁=ယူဇနာကို ၈ နဲ့ ၈ မိုင် ခွဲဝန်းကျင်ကို အများအားဖြင့် ယနေ့ခေတ် အကွာအဝေးတွေနဲ့ ကိုက်ညီတာ တွေ့ရပါတယ်။ သို့သော် အမြဲတော့ မကိုက်ညီဘူး။ ဂင်္ဂါမြစ်နဲ့ ရာဇဂြိုဟ်ကို (၃) ယူဇနာ ပြထားပေမဲ့ ယနေ့ခေတ် ရာဇဂြိုဟ်နဲ့ အနီးဆုံး ဂင်္ဂါမြစ်ဆိပ်က မိုင် (၄ဝ) လောက်ဝေးတယ်။ ဒါဆို ၁-ယူဇနာက (၁၃) မိုင်လောက် ဖြစ်သွားတယ်။ ဒီလိုဘဲ ဂင်္ဂါမြစ်ဆိပ်နဲ့ ဝေသာလီကိုလည်း ၅-ယူဇနာ ပြတယ်။ ယနေ့ခေတ် ဝေသာလီနဲ့ ဂင်္ဂါမြစ်ဆိပ် အနီးဆုံးနေရာက မိုင် (၃ဝ) ဝန်းကျင်ဘဲ ရှိတော့ ၁-ယူဇနာဟာ (၆) မိုင်ဝန်းကျင်သာ ရှိသွားပါတယ်။ ရှေးခေတ်က ကျောက်တောင်မြစ်ချောင်းတွေ ရှိရာမှာ ဖြတ်ကူးဖို့ သင့်ရာကိုသာ ရွေးချယ်ပြီးလမ်းဖောက်ရမှာ ဖြစ်လို့ ခေတ်သစ်လမ်းတွေက ပိုပြီး တိုဖို့သာ များတယ် လို့ တွေးကြည့်ရပါတယ်။ သို့သော် ရာဇဂြိုဟ်ကနေ ဂင်္ဂါမြစ်ဆိပ်ကတော့ ၁-ယူဇနာ ၈ မိုင်ခွဲနဲ့ တွက်ရင်တောင် ခေတ်သစ်လမ်းက ပိုရှည်နေပါတယ်။ ဒီလို ကွဲလွဲချက်လေးတွေလည်း တွေ့ရပါကြောင်း။
ဘိက္ခုကေသရ
- မူရင်းလင့် = https://www.facebook.com/bhikkhu.kesara.7/posts/pfbid0DK1EBGrFCBtHXJV2Qg6SRwd1okoePGmJrvmNKPuL13ag2DDddRBpJ7DUfW5EwkDYl
Comments
Post a Comment