ဥက္ကုဋိကံ ပုဒ် အနက်အယူအဆ သုတေသန
အင်းစိန်ရွာမဆရာတော်ကြီး၏
ဥက္ကုဋိကံ~ပုဒ် အနက်အယူအဆ သုတေသန
*********************************************
(မှတ်ချက်။ ဆရာတော်ဘုရားကြီး၏ ယခုစာမူကို ပြန်လည်ကူးယူဖော်ပြလိုသူများအနေဖြင့် #စာနှင့်ပုံတွဲကြည့်မှသဘောပေါက်မှာမို့ စာနှင့်ပုံတစ်ပါတည်းပါအောင် ကူးယူဖော်ပြကြဖို့ လေးစားစွာ သိစေအပ်ပါသည်။ ဇေတဝန်စာပေ)
------------
#မြန်မာ့ရှေးရိုးစဉ်လာ #အရိုအသေပေးထိုင်ပုံ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
ယနေ့ မြန်မာလူမျိုးများ ဘုရားရှိခိုးရာ, ဆရာတော်သံဃာတော်များ, လူကြီးသူမများကို ရှိခိုးရာစသည်တို့၌ ထိုင်ပုံ ထိုင်နည်း အမျိုးမျိုးတွေ့ရသည်၊ #အချို့အမျိုးသားများက #ဆောင့်ကြောင့်ထိုင်အနေအထား၊ #အချို့အမျိုးသားများနှင့်အမျိုးသမီး များက #ပုဆစ်တုပ်ထိုင်အနေအထား ဤ၂-မျိုး အတွေ့များသည်၊
ပုဆစ်တုပ်ထိုင်ရာ၌လည်း ခြေထောက်နှစ်ဖက်လုံးကို တင်ပါး အောက်သွင်းကာ ခြေဖဝါးများပက်လက်လှန်၍ အပေါ်က တင်ပါးဖိထိုင်သော ပုဆစ်တုပ်နည်း၊ ခြေထောက်နှစ်ချောင်းဘေးမှာ ကွေး၍ တင်ပါးလွှဲထိုင်သော ပုဆစ်တုပ်ထိုင်နည်းဟု ၂-မျိုးတွေ့ရသည်၊ အဆိုပါ ၂-မျိုးလုံးကိုပင် ပုဆစ်တုပ်ထိုင်နည်းဟု ဆိုလိုပါသည်။
#နမူနာပုံများ
🍡🍡🍡🍡🍡
မြန်မာ့ရှေးရိုးစဉ်လာ အရိုအသေပေးထိုင်ပုံများကို လေ့လာကြည့်သောအခါ မြန်မာအစ တကောင်းက ဆိုသော်လည်း ပုဂံမတိုင်မီက တကောင်း, ပျူ, ကမ်းယံ, သက်-စသည်ဖြင့် ဒေသဆိုင်ရာ လူမျိုးအစုအဖွဲ့လေးများ သီးခြားစီရှိနေခဲ့ကြသည်၊ ပုဂံခေတ် အနော်ရထာဘုရင် လက်ထက်မှစ၍ မျိုးနွယ်စုလေးများ စုပေါင်းပြီး #မြန်မာ ဟု တွင်ခဲ့သည်၊ ထို့ကြောင့် မြန်မာအစ ပုဂံကဟု ဆိုခြင်းသည်သာလျှင် ပိုမိုသဘာဝကျသည်၊ ပုဂံယဉ်ကျေးမှုလက်ရာများကို လေ့လာကြည့်ရာ၌ ရွှေစည်းခုံဘုရား တောင်ဘက်ရင်ပြင်တော်ရှိ #အင်္ဂုလိမာလရဟန္တာမထေရ်ထိုင်နေပုံ၊ ကျန်စစ်သားမင်းကြီး တည်ထားခဲ့သော အာနန္ဒာဘုရားအတွင်း အနောက်ဘက်မုခ် မတ်ရပ်ကိုယ်တော်ကြီး၏ ခြေတော်ရင်း တောင်ဘက်ဘေးရှိ #ကျန်စစ်သားမင်းကြီးပုံ နှင့် မြောက်ဘက်ဘေးရှိ #ရှင်အရဟံပုံ၊ အာနန္ဒာဘုရားအတွင်း မြောက်ဘက် မတ်ရပ်ကိုယ်တော်ကြီး၏ ခြေတော်ရင်း အရှေ့ဘက်ဘေးရှိ #အဂ္ဂသာဝကကြီးပုံများ ကို သေချာစွာ လေ့လာကြည့်ပါ၊
ဤပုံများသည် မြန်မာ့ရှေးရိုးစဉ်လာ အရိုအသေပေးထိုင်ပုံများကို ဖော်ပြနေသည်။
ကမ္ဘာအေး ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူတော်ကြီးအတွင်း ဧတဒဂ်ရထေရ, ထေရီပုံတော်များသည်လည်း ဘုရားရှေ့ အရိုအသေပေး ထိုင်ပုံများအဖြစ် နမူနာယူနိုင်သည်၊
မြန်မာပြည်အရပ်ရပ်ရှိ ဘုရားများရှေ့တွင်ရှိသော ရဟန္တာပုံများ၊ ပဉ္စဝဂ္ဂီပုံများ မှာလည်း ဆိုခဲ့ပြီးအတိုင်း ပုဆစ်တုပ်ထိုင်ပုံ ၂-မျိုး အနေအထားပင် အတွေ့များသည်၊ ဆောင့်ကြောင့်ထိုင်ပုံအနေအထား မတွေ့ရသလောက်ပင် ရှားသည်၊ ယခုခေတ်တွေ့ရသော ဆောင့်ကြောင့်အနေအထားများသည် #အိန္ဒိယနိုင်ငံယဉ်ကျေးမှုမှဆင်းသက်လာသောထိုင်ပုံထိုင်နည်းဖြစ်ဟန်ရှိသည် ဟု စာရေးသူ စဉ်းစားမိပါသည်။
#အရိုအသေပေးပုံ
🍡🍡🍡🍡🍡🍡🍡🍡
ဣရိယာပုထ် အနေအထားများ
အရိုအသေပေးသူနှင့် အရိုအသေခံသူနှစ်ဦးလုံး သွား+သွားခြင်း၊ ရပ်+ရပ်ခြင်း၊ ထိုင်+ထိုင်ခြင်း အနေအထားဖြင့် အရိုအသေပေးသူက လက်အုပ်ချီသင့်လျှင် ချီ၍ ပြောဆိုဆက်ဆံသင့်သည်၊ လျောင်း + လျောင်းခြင်းကား မသင့်ပါ၊ (ဒီ-၁၊ ၈၅၊ ဒီ-ဋ္ဌ- ၁၊ ၂၂၆- ၇) ရိုသေလေးစားထိုက်သူများ မိမိထံသို့ဖြစ်စေ, မိမိ အနီးအနားမှ ဖြတ်သွားသည်ဖြစ်စေ မိမိက ထိုင်မနေဘဲ မတ်တပ်ထပေးသင့်ပါသည်၊ ဦးချရာ၌ကား သေသေချာချာထိုင်၍ ဦးချသင့်သော နေရာရှိလျှင် ထိုင်၍ဦးချသင့်ပါသည်၊ ထိုင်ရန်မသင့်သော မြေမှာဖြစ်စေ, ရေတော, ဗွက်တောစသည်မှာဖြစ်စေ မတ်တပ်ရပ် လက်အုပ်ချီရုံဖြင့် သင့်တော်ပါသည်။
ပါဠိတော်များလာ အရိုအသေးပေးထိုင်ပုံများမှာ-
ဝုဍ္ဎာနံ ဘိက္ခူနံ ပါဒေ ဝန္ဒိတွာ ဥက္ကုဋိကံ နိသီဒိတွာ အဉ္ဇလိံ ပဂ္ဂဟေတွာ (သီတင်းကြီး ရဟန်းတို့၏ ခြေတော်အစုံတို့ကို ရှိခိုး၍ ဥက္ကုဋိက အနေအထားထိုင်ပြီး လက်အုပ်ချီကာ) ဟူသော #ပါရာဇိကဏ်ပါဠိတော် #ကုဋိကာရသိက္ခာပုဒ်စသည်တို့၌ ဥက္ကုဋိကံ နိသီဒိတွာဟူ၍ တွေ့ရသည်၊ ယင်းပါဠိတော်ကို နိဿယဆရာတော်က ဥက္ကုဋိကံကို ဆောင့်ကြောင့်ဟု မြန်မာပြန်ရာမှ စတင်၍ ဥက္ကုဋိက- ဆောင့်ကြောင့်ဟု အနက်ပေးအစဉ်အလာ စတင် ဖြစ်လာခဲ့ခြင်း ဖြစ်ဟန်ရှိပါသည်၊ ဆောင့်ကြောင့်ဟု အနက်ပေး မြန်မာပြန်သော ဆရာသည်-
ဥက္ကုဋိကံ ဒွီသု မုဋ္ဌီသု ဟနုကံ ဌပေတွာ ဒေေ၀ ဝဿန္တေ ရုက္ခသုသိရေ
မက်ကဋာ ဝိယ နိသီဒန်တိ။ (ဒီ၊ ဌ၊ ၂၊ ၂၈-၂၉။မ၊ ဌ၊ ၄၊ ၁၂၉)
#မိုးရွာသောအခါ #သစ်ခေါင်းထဲ၌ #မျောက်များထိုင်နေကြသကဲ့သို့ #သတ္တဝါများ #ပဋိသန္ဓေနေသောအခါ #လက်သီးဆုပ်နှစ်ခုတို့၌ #မေးတင်၍ #ထိုင်နေကုန်၏ ဟူသော စကားကို နမူနာယူဟန်ရှိသည်။
အဆိုပါ အဋ္ဌကထာစကားသည် မိုးရွာသောအခါ မျောက်များ သစ်ခေါင်းထဲ၌နေပုံနှင့် သတ္တဝါများ ပဋိသန္ဓေနေပုံကို ပြသော အရာဖြစ်သည်၊
#ရိုရိုသေသေနေထိုင်သောအခါ, #ရှိခိုးသောအခါစသည်တို့၌ #အဆိုပါမျောက်ထိုင်ပုံကို #နမူနာယူခြင်းသည် #သဘာဝမကျလှပါ။
ဥက္ကုဋိကံကို ဆောင့်ကြောင့်ဟုသာ အနက်ပေးခြင်းသည်ပင် သဘာဝမကျလှပါ၊ သေခိယသိက္ခာပုဒ်လာ-
န ဥက္ကုဋိကာယ အန္တရဃရေ ဂမိဿာမီတိ (နိသီဒိဿာမီတိ) သိက္ခာ ကရဏီယာ။
ဟူသော ပါဠိ၌ ဥက္ကုဋိကာယ-ကို ဆောင့်ကြောင့်ဟု အနက်ပေးလို့မရပါ၊ ဖဝါးစွန်းနင်း၍ဟုသာ အနက်ပေးရပါသည်၊ ဖဝါးစွန်းဟူသည် ခြေဖဝါးတစ်ခုလုံးဖြန့်၍ နင်းခြင်းမျိုးမဟုတ်ဘဲ ခြေဖျားထောက်၍ဖြစ်စေ, ဖနောင့်ထောင်၍ဖြစ်စေ နင်းသွား ခြင်းမျိုး၊ ခြေဖဝါးအလယ်မထိအောင် ခုံး၍ဖြစ်စေ, ခွေ၍ဖြစ်စေ နင်းထားခြင်းမျိုး ဖြစ်ပါသည်၊ ဥက္ကုဋိက-၌ (ဥ+ကုဋ+ဏွု၊ ဥ+ကောဋိ+ဣက) ဟု ပုဒ်ခွဲ၍ ခပ်ကွေးကွေး, ခပ်ခွေခွေ အနေအထားကို ဆိုလိုသည်၊ ယင်းသို့ဖြစ်လျှင် ဥက္ကုဋိကပုဒ်၏အနက်သည် ဆောင့်ကြောင့်လည်း ဖြစ်နိုင်သည်၊ ဖဝါးစွန်းနင်းလည်း ဖြစ်နိုင်သည်၊
ခပ်ကွေးကွေး, ခပ်ခွေခွေလည်းဖြစ်နိုင်သည်၊ ပုဆစ်တုပ် စသည်လည်း ဖြစ်နိုင်သည်။ (သေခိယ ဥက္ကုဋိကသိက္ခာပုဒ်၊ ပါတိမောက်ဘာသာဋိကာ၌ကား ဥဒ္ဓံ ဧကာ ကောဋိ ယဿာတိ ဥက္ကုဋိကာ-ဟု ဝစနတ္ထပြုသည်၊)
(ပါစိတျာဒိယောဇနာ ၁၃၄)
၎င်းင်းပြင် ဥက္ကုဋိက နေပုံထိုင်ပုံနှင့်ပတ်သက်၍ ပဏ္ဏာသဋီကာ၌-
သြရိမံ အင်္ဂံ နိဿာယ နိသိန္နောတိ ပလ္လင်္ကမာဘုဇိတွာ ဥက္ကုဋိကာနိသဇ္ဇာယ ဥပရိမကာယံ ဟေဋ္ဌိမကာယေ ပတိဋ္ဌပေန္တောယေဝ။ (မ၊ ဋီ၊ ၃၊ ၁၇၈)
တင်ပလ္လင်ခွေကာ ဥက္ကုဋိကထိုင်ခြင်းဖြင့် အထက်ပိုင်းကိုယ်ကို အောက်ပိုင်းကိုယ်ပေါ်ထား၍ဟု မိန့်ဆိုထားသောကြောင့် တင်ပလ္လင်ခွေထိုင်ပုံကိုပင် ဥက္ကုဋိကထိုင်ခြင်းဟု ဆိုလိုရာရောက်သဖြင့် ဥက္ကုဋိကသည် ဆောင့်ကြောင့်မဖြစ်နိုင်။
မည်သို့ဆိုစေ ဥက္ကုဋိကထိုင်ခြင်းဟူသည် ခပ်ကွေးကွေး, ခပ်ခွေခွေနေခြင်းမျိုးကို ဆိုလိုသည်၊ ယင်းသို့ဖြစ်လျှင် ပုဆစ်တုပ် ထိုင်ခြင်းသည်ပင်လျှင် ခပ်ကွေးကွေး, ခပ်ခွေခွေထိုင်ခြင်း ဖြစ်နိုင်သည်၊ မြန်မာ့ရှေးရိုးစဉ်လာ ပုဆစ်တုပ်ထိုင်ပုံများသည် ခပ်ကွေးကွေး, ခပ်ခွေခွေထိုင်ခြင်းမျိုးဖြစ်၍ ဥက္ကုဋိက ထိုင်ပုံဟုပြောလို့ရပါသည်၊ ရှေ့၌ပြခဲ့သော ရဟန္တာများ၏ ထိုင်ပုံကို လေ့လာကြည့်ပါ။
ဥက္ကုဋိကပုဒ်၏ မူရင်းသဒ္ဒတ္ထအရဖြစ်စေ၊ ပဏ္ဏာသဋီကာစသော ပါဠိအဖွင့်ကျမ်းဂန်များအရဖြစ်စေ၊ သေခိယသိက္ခာပုဒ် အရဖြစ်စေ အားလုံးကို ခြုံကြည့်လျှင် ခပ်ခွေခွေ, ခပ်ကွေးကွေး, ခပ်ကျုံ့ကျုံ့ အနေအထားဟု ဆိုလိုရာရောက်သည်၊ ထို့ကြောင့် ပုဂံ ရွှေစည်းခုံဘုရား, အာနန္ဒာဘုရားတို့၌ တွေ့ရသော ပုဆစ်တုပ်ထိုင်ပုံသည်သာလျှင် ဥက္ကုဋိက မူလပုဒ်၏ သဒ္ဒါအနက်နှင့် လည်း သင့်လျော်သည်၊ မြန်မာ့ရှေးရိုးစဉ်လာ ယဉ်ကျေးမှုနှင့်လည်း ဆီလျော်သည်၊ မျက်မြင်လောကတွင် ဘုရားရှေ့မှာဖြစ်စေ၊ ဆရာတော်သံဃာတော်များရှေ့မှာဖြစ်စေ၊ လူကြီးသူမများ ရှေ့မှာဖြစ်စေ ထိုင်ပုံများကိုကြည့်လျှင် ပုဆစ်တုပ်အနေအထား ထိုင်ခြင်းသည်သာလျှင် ပိုမိုယဉ်ကျေးသည်၊ သိမ်မွေ့သည်၊ သပ်ရပ်သည်၊ ဆောင့်ကြောင့်နေပုံ, ထိုင်ပုံသည် အိန္ဒိယယဉ်ကျေးမှုမှ ကူးစက်လာသည်ဟု စာရေးသူ ထင်မြင်ယူဆပါသည်၊ ပညာရှင်များ ဆက်လက် စိစစ် ဝေဖန်ပေးကြပါဟုလည်း တိုက်တွန်းလိုပါသည်။
ဥက္ကုဋိကံ နိသီဒိတွာ-ဟူသော ပါဠိကို အရိုအသေပေးထိုင်ပုံ ဆိုင်ရာတိုင်း၌ အမျိုးသား ဘိက္ခု, အမျိုးသမီး ဘိက္ခုနီ ၂-ဦးလုံးအတွက် ဝိနည်းပါဠိတော် နေရာတော်တော်များများ၌ ဟောထားသောကြောင့် ဆောင့်ကြောင့်ဟု အနက်ပေးခြင်းသည် မသင့်လျော်လှပါ၊ အမျိုးသမီးဘိက္ခုနီများနှင့် အဆိုပါ ဆောင့်ကြောင့်ထိုင်ပုံ အဘယ်မှာ သင့်လျော်ပါမည်နည်း။
ဥက္ကုဋိကံ-ဟူသောပုဒ်ကို ဝိနည်းပါဠိတော်များ၌ပင် နေရာ ၇၀-ကျော် တွေ့ရသည်။
သေခိယ ဥက္ကုဋိကသိက္ခာပုဒ်အဆိုအရ ခြေဖဝါးကို ပြန့်ပြန့်ပျူးပျူး မနင်းဘဲ ခုံး၍, ကွေး၍, ခွေ၍ နင်းခြင်းမျိုးဟုဆိုလိုသော ကြောင့် ဥက္ကုဋိကာကို ဆောင့်ကြောင့်ဟုတိုက်ရိုက် အနက်ယူခြင်းထက် ခပ်ကွေးကွေး, ခပ်ခွေခွေ, သေသေဝပ်ဝပ်, ကျုံ့ကျုံ့ယုံ့ယုံ့ ဟုသာ အနက်ယူခြင်းက ပို၍ သင့်လျော်ပါသည်၊ အများအမြင်အရလည်း ကောင်းပါသည်၊ ဖော်ပြထားသော ရဟန္တာပုံများကို ထောက်ဆလျှင် မြန်မာ့ရှေးရိုးစဉ်လာ မြန်မာ့ယဉ်ကျေးမှုနှင့်လည်း သင့်လျော်ပါသည်၊ ကိုက်ညီပါသည်၊ အချို့ဆရာတော်ကြီး များနှင့် အချို့ကျောင်းတိုက်များ၌ ဘုရားရှိခိုးသောအခါမှာဖြစ်စေ၊ ဆရာကန်တော့သောအခါမှာဖြစ်စေ၊ ဥပုသ်ပြု, ရဟန်းခံစသော ကမ္မဝါဖတ်သောအခါမှာဖြစ်စေ၊ ရဟန်း သာမဏေအားလုံး ပုဆစ်တုပ် အနေအထားဖြင့်သာ နေထိုင်ကြသည်၊ ဆောင့်ကြောင့် မထိုင်နိုင်သော ဆရာတော်ကြီးများလည်း တင်ပလ္လင် ခွေ၍ဖြစ်စေ, ပုဆစ်တုပ်၍ဖြစ်စေ ကမ္မဝါဖတ်လေ့ရှိကြသည်။
#ဥက္ကုဋိကပုဒ်ကို #ဆောင့်ကြောင့်ဟု_အနက်ယူခြင်းသည် #မိုးရွာသောအခါ သစ်ခေါင်းထဲ၌ #မျောက်များထိုင်နေကြသကဲ့သို့ #သတ္တဝါများပဋိသန္ဓေနေသောအခါ #လက်သီးဆုပ် #နှစ်ခုတို့၌ မေးတင်၍ထိုင်နေပုံကိုသာ #အထောက်အထားယူထားခြင်း ဖြစ်သည်၊
ယင်းအထောက်အထားထက် ပိုလွန်သော သဒ္ဒယုတ္တိ, အတ္ထယုတ္တိ, သဘာဝယုတ္တိ, မြန်မာ့ယဉ်ကျေးမှုယုတ္တိ-စသော ယုတ္တိများကို ရှာကြံကြပါဟု ပညာရှင်များကို တိုက်တွန်းရင်း မြန်မာ့ ရှေးရိုးစဉ်လာ အရိုအသေပေးထိုင်ပုံဟူသော ဆောင်းပါးကို အဆုံးသတ်အပ်ပါသတည်း။
၁၃၇၇ (၂၀၁၅) ခုနှစ်တွင်
ထုတ်ဝေပြီး ဆောင်းပါးကို အနည်းငယ်ပြင်ဆင်၍ ပြန်လည်ရေးသားခြင်းဖြစ်သည်။
ဘဒ္ဒန္တတိလောကာဘိဝံသ (အင်းစိန်)
နိုင်ငံတော်သြဝါဒါစရိယ၊
အဘိဓဇမဟာရဋ္ဌဂုရု၊
အဂ္ဂမဟာပဏ္ဍိတ ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။
ဝါဆိုလဆန်း ၄ ရက်၊ ၁၃၈၆-ခု။
(ဇူလိုင်လ ၉၊ ၂၀၂၄) အင်္ဂါနေ့။
---------------------------
---------------------------
ကိုရင်ဘဝ စာသင်တုန်းက
စာချဆရာတော်က အဲဒါကို ရှင်းပြဖူးတယ်
ပဋာစာရီ အဝတ်အစား မကပ်နိုင်အောင် ရူးသွပ်နေချိန်
မြတ်စွာဘုရားထံမှောက်ရောက်
မြတ်စွာဘုရားရဲ့ ခေါ်သံကြားတော့
သတိပြန်လည်လာ
အရှက်အကြောက်ရှိလာ
အရှက်အကြောက် ထိန်းနိုင်ဖို့
ဆောင့်ကြောင့် (ဥက္ကုဋိက )ထိုင်လိုက်တယ်
မင်းတို့ငါတို့ ဆောင့်ကြောင့် ထိုင်သလိုမျိုးသာဆိုရင် ပို အရှက်ကွဲဖို့ပဲ ရှိမှာပဲ တဲ့
-------------
တိပိဋက ပါဠိ-မြန်မာ အဘိဓာန်
ဥက္ကုဋိက (တိ)
[ဥ+ကုဋ+ဏွု။ ဝိ၊ပိ၊ဓာန်။ဥ+ကောဋိ+ဣက။ဝိ၊ပိဓာန်။ ပါစိတ်၊ယော။၁၃၄]
(၁) ဆောင့်ကြောင့်၊ ဆောင့်ကြောင့်ဖြစ်သော၊ ဆောင့်ကြောင့်ထိုင်သော။
(၂) အထက်သို့-ကောက်-ကွေး-ခုံး-သော၊ (ခြေဖဝါး)။ အလယ်၌ မထိ-အလယ်၌ချိုင့်ခွက်-သော၊ (ခြေရာ)။
(ထီ)
(၃) ဖဝါး ဆွန့်နင်းသွားခြင်း၊ ခြေဖျားထောက်၍ (သို့မဟုတ် ဖနောင့်ထောင်၍) သွားခြင်း။ ဥက္ကုဋိကပါဒ-လည်းကြည့်။
တိပိ၊၄က၊၆၅၀
ဦးဟုတ်စိန် ပါဠိ-မြန်မာအဘိဓာန်
ဥက္ကုဋိက
(တိ)
(ဥဒ်√ကုဋ်+ဣက)
ဆောင့်ကြောင့် ထိုင်သည်။ အလယ်မထိအောင် ဆောင့်ကြွား ရှိသည်။ ပဆွံ့နင်းသည်။
ဥက္ကုဋိကံ နိသီဒိတွာ၊ ဆောင့်ကြောင့်ထိုင်၍။ ဥက္ကုဋိတဉ္စဿ ပဒံ ဟောတိ၊ ထိုသူ၏ခြေရာသည်လည်း အလယ်၌ မထိသည်ဖြစ်၏။
(adj.) squatting.Sitting on the hams, squatting, crouching, kneeling
PTS Pali-English Dictionary
ukkuṭika [fr. ud + *kuṭ = *kuñc, as in kuṭila & kuñcita; lit. "bending up". The BSk. form is ukkuṭuka, e. g. Av. S I.315] a special manner of squatting. The soles of the feet are firmly on the ground, the man sinks down, the heels slightly rising as he does so, until the thighs rest on the calves, and the hams are about six inches or more from the ground. Then with elbows on knees he balances himself. Few Europeans can adopt this posture, & none (save miners) can maintain it with comfort, as the calf muscles upset the balance. Indians find it easy, & when the palms of the hands are also held together upwards, it indicates submission. See Dial. I.231 n. 4. -- Vin I.45 (°ṃ nisīdati); III.228; A I.296; II.206; Pug 55; Vism 62, 104, 105 (quot. fr. Papañca Sūdanī) 426; DhA I.201, 217; II.61 (as posture of humility); III.195; IV.223.--padhāna [in BSk. distorted to utkuṭuka--prahāṇa Divy 339 = Dh 141] exertion when squatting (an ascetic habit) D I.167; M I.78, 515; A I.296; II.206; J I.493; III.235; IV.299; Dh 141 😊 ukkuṭika--bhāvena āraddha--viriyo DhA III.78).
Concise Pali-English Dictionary
ukkuṭika/adj./squatting.
31w
Reply







Comments
Post a Comment