ပါဠိပထမပြန်နှင့် ဓမ္မာစရိယစာမေးပွဲ
ပါဠိပထမပြန်စာမေးပွဲဖြစ်ပေါ်လာပုံ
သာသနာရေးဦးစီးဌာန
( ၁ ) ဗုဒ္ဓသာသနာတော်၏ အခြေအမြစ်ဖြစ်သော ပရိယတ္တိသာသနာတော်ကြီး ထွန်းကားရေးကို အဓိကထား၍ ပါဠိပထမပြန်စာမေးပွဲကို သာလွန်မင်းတရားကြီးလက်ထက် သက္ကရာဇ်(၁၀၀၀)ပြည့် နှစ်၊ ခရစ်နှစ် (၁၆၃၈)ခုနှစ်တွင်စတင်ကျင်းပခဲ့ပါသည်။
စာမေးပွဲပြန်ဆိုမေးမြန်းပုံမှာ ပါဠိကို နှုတ်တက်အာဂုံပြန်ဆိုစေခြင်း၊ အနက်ဓိပ္ပါယ်ကို နှုတ်ဖြင့်မေး၍ နှုတ်ဖြင့်ဖြေဆိုစေခြင်း နှစ်မျိုးဖြစ်သည်။ ပါဠိ ပထမပြန်စာမေးပွဲကို ခေတ်အဆက်ဆက်ကျင်းပခဲ့ရာ သက္ကရာဇ်-၁၂၄၇-ခုနှစ်၊ သီပေါမင်း ပါတော်မူ ချိန်မှစ၍ (၁၀)နှစ် တိုင်တိုင် ပထမပြန်စာမေးပွဲ မကျင်းပနိုင်ဘဲ ရပ်ဆိုင်းခဲ့ရပါသည်။
( ၂ )
သာသနာတော်အတွက် စိုးရိမ်ကြောင့်ကျတော်မူကြသော တောင်တော်သာသနာပိုင် ဆရာတော်ကြီး၊ ပခန်းဆရာတော်ဘုရားကြီး၊ လှထွေဆရာတော်ဘုရားကြီးနှင့် လယ်ကိုင်းမြို့စား ကင်းဝန်မင်းကြီးတို့ကိုယ်တိုင်ပထမပြန်စာမေးပွဲများကို ပြန်လည်ကျင်းပသင့်ကြောင်း အင်္ဂလိပ် အစိုးရအား တိုက်တွန်းအကြံပေးခဲ့ရလေသည်။ ယင်းအကြံပေးချက်အရ အင်္ဂလိပ်အစိုးရက ၁၈၉၅-ခုနှစ် (၁၂၅၇-ခုနှစ်)နယုန်လမှစ၍ နှစ်စဉ် ပထမပြန်ကော်မတီတစ်ခု စီမံအုပ်ချုပ်၍ ပြန်လည်ကျင်းပခဲ့သည်။
( ၃ )
ပါဠိပထမပြန်စာမေးပွဲကို ၁၃၄၆ (၁၉၈၄) ခုနှစ်မှစ၍ အခြေပြုမူလတန်းကို တစ်တန်းတိုး၍ ကျင်းပခဲ့ပါသည်။ ၂၀၀၂ ခုနှစ်တွင် အခြေပြုမူလတန်းကို ဆက်လက်မကျင်းပတော့ဘဲ ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းတို့ကိုသာ ကျင်းပပါသည်။ အခြေပြုမူလတန်းကို ပြန်လည်ကျင်းပပေးပါရန် ၂၀၁၆-ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ ပညာရေးဗဟိုအဖွဲ့မှ မေတ္တာရပ်ခံလျှောက်ထားသဖြင့် ၁၄-၇-၂၀၁၆ ရက်နေ့တွင်ကျင်းပသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဧကာဒသမ အစည်းအဝေးက ၂၀၁၇-ခုနှစ်မှစ၍ အခြေပြုမူလတန်းကို ပြန်လည်ကျင်းပပါရန်၊ မေးခွန်းလွှာများ ကို ပါဠိပထမပြန်စာမေးပွဲ ပညာရေးဗဟိုအဖွဲ့မှ ထုတ်ပေးရန်၊ အဖြေလွှာများစစ်ဆေးခြင်း, အောင်စာရင်းထုတ်ပြန်ခြင်းများကို တိုင်းဒေသကြီး/ ပြည်နယ်သံဃနာယက အဖွဲ့များက တာဝန်ယူ ဆောင်ရွက်ရန်နှင့် အောင်စာရင်းအပြည့်အစုံကို ပါဠိပထမပြန်ပညာရေးဗဟိုအဖွဲ့သို့ ပြန်လည်တင်ပြရန် ဟု ဆုံးဖြတ်ခဲ့ပါသည်။
( ၄ )
၁၉၉၉ ခုနှစ်တွင် ပထမပြန်စာမေးပွဲဝင်ပုဂ္ဂိုလ်များ တစ်နှစ်ထက်တစ်နှစ် များပြားလာသဖြင့် ပညာရေးဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များ ကြီးမားကျယ်ပြန့်လာခြင်း၊ မေးခွန်းလုံခြုံအောင် ထိန်းသိမ်းရခြင်း၊ စာဖြေဌာနများသို့ မေးခွန်းအချိန်မှီရောက်အောင် ပေးပို့ရခြင်းစသော တာဝန်များ ကြီးလေးလာသဖြင့် လုပ်ငန်းတာဝန် လျော့ပါးသွားစေရန်လည်းကောင်း၊ ပြည်နယ်/တိုင်းအလိုက် ဒေသဆိုင်ရာ အုပ်ချုပ်ရေးစနစ် ပေါ်ပေါက်လာသည့်အခါ ပြည်နယ်/တိုင်းအလိုက် စာမေးပွဲကျင်းပနိုင်ရေး အခက်အခဲမရှိ အလွယ်တကူဆောင်ရွက်စေနိုင်ရန် ရည်ရွယ်၍ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ ဂိုဏ်းပေါင်းစုံ ပြည်နယ်/တိုင်း ဥက္ကဋ္ဌဆရာတော်ကြီးများ၊ အကျိုးတော်ဆောင် ဆရာတော်များ၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်များ၊ စာသင်တိုက်ကြီးများမှ ပဓာန နာယက ဆရာတော်ကြီးများထံ သြဝါဒခံယူ၍ ဆရာဒကာတိုင်ပင်ညှိနှိုင်းပြီး ပြည်နယ်/တိုင်း အလိုက် အသီးသီးတာဝန်ယူကျင်းပခဲ့ပါသည်။
( ၅ )
၂၀၁၃ ခုနှစ်မှစတင်၍ ဆဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဆဋ္ဌမအစည်း အဝေး၏ ဆုံးဖြတ်ချက်အရ စာမေးပွဲဖြေဆိုချိန်နှင့် မေးခွန်းပုစ္ဆာတူညီမှု တစ်ပြေးညီဖြစ်စေရန် အတွက် မြန်မာတစ်နိုင်ငံလုံးရှိ ခွင့်ပြုစာဖြေဌာန (၂၃၈)ဌာနအတွက် ပုစ္ဆာထုတ်ခြင်း၊ စာစစ်ခြင်း၊ အောင်စာရင်းထုတ်ပြန်ခြင်းတို့ကို ဗဟိုမှ ယနေ့အထိ ပြန်လည်ဆောင်ရွက်ခဲ့ပါသည်။
( ၆ )
နှစ်စဉ် အခြေခံပညာအထက်တန်းစာမေးပွဲကျင်းပပြီး မတ်လနောက်ဆုံးပတ်မှ ဧပြီလဆန်း အထိ ပထမကြီးတန်း(၇)ဘာသာ (၇)ရက်၊ ပထမလတ်တန်း (၆)ဘာသာ (၆)ရက်၊ ပထမငယ်တန်း (၅)ဘာသာ (၅)ရက် မြန်မာတစ်နိုင်ငံလုံးရှိ ခွင့်ပြုစာဖြေဌာန (၂၃၉)ဌာနတွင် တစ်ပြိုင်တည်း ကျင်းပ ပါသည်။ ၂၀၁၇-ခုနှစ် မှစ၍ အခြေပြုမူလတန်းကို ၄ ဘာသာ ၄ရက်ဖြင့် ထည့်သွင်းကျင်းပပါမည်။
ဖြေဆိုမည့်သူ၏ အရည်အချင်းသတ်မှတ်ချက်စာမေးပွဲ စတင်ဖြေဆိုသောနေ့၌ အသက် ၁၃-နှစ်ပြည့်ပြီးသော ရဟန်း၊ သာမဏေ၊ သီလရှင်များသာမက လူပုဂ္ဂိုလ်များပါ ပါဠိပထမပြန်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ရှိသည်။ ၂၀၁၇-ခုနှစ် မှစ၍ အခြေပြုမူလတန်းကို ပြန်လည်ထည့်သွင်းကျင်းပခဲ့ရာ စာမေးပွဲဖြေဆိုချိန်တွင် အသက် ၁၂-နှစ်တင်းတင်းပြည့်မှသာ အခြေပြုမူလတန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ရှိသည်။ ၁၃၇၆ (၂၀၁၈)ခုနှစ်တွင် အခြေပြုမူလတန်းစာမေးပွဲအောင်မြင်မှသာ ပထမငယ်တန်းသို့ ဝင်ရောက် ဖြေဆိုခွင့်ရှိသည်။
-------------------------------------------------------------
ဆက်ကပ်သည့် အောင်လက်မှတ်
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
တစ်နိုင်ငံလုံးမှ စာဖြေသံဃာများအနက် ပထမငယ်တန်း (ပထမ၊ ဒုတိယ၊ တတိယ) ကို လည်းကောင်း၊ ပထမလတ်တန်း (ပထမ၊ ဒုတိယ၊ တတိယ)ကိုလည်းကောင်း၊ ၁၂၆၀-ပြည့်နှစ် ကတည်းက ပထမကြီးတန်း အောင်မြင်သူများအနက် အမှတ်အများဆုံးရရှိပါက ပထမကျော် အောင်လက်မှတ်ကိုလည်းကောင်း၊ ပထမကြီး (ဒုတိယ၊ တတိယ)ကိုလည်းကောင်း၊ ရွေးချယ်ဆက်ကပ်ပါသည်။ တစ်ပြည်လုံးအောင်မြင်သူ သီလရှင်များအနက် အမှတ်အများဆုံးပုဂ္ဂိုလ်အား အတန်းလိုက် ပထမကြီးတန်း သီလရှင်(ပထမ)၊ ပထမလတ်တန်း သီလရှင်(ပထမ)၊ ပထမငယ်တန်းသီလရှင် (ပထမ)အဖြစ် ရွေးချယ်ချီးမြှင့်ပါသည်။ အဆိုပါဆုရ စာဖြေပုဂ္ဂိုလ်များကို ဓမ္မာစရိယဘွဲ့ဆက်ကပ်သည့် မဟာဘွဲ့နှင်းအခမ်းအနားတွင် ဆုချီးမြှင့်ပြီး ရိုးရိုးအောင်စာဖြေပုဂ္ဂိုလ်တို့၏ အောင်လက်မှတ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် သာသနာရေးမှူးရုံးများမှတစ်ဆင့် ဆက်ကပ်ပါသည်။
---------------------------------------------------------------
ဓမ္မာစရိယစာမေးပွဲများ ဖြစ်ပေါ်လာပုံ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
မြန်မာသက္ကရာဇ် ၁၂၉၉-ခုနှစ်တွင် ပါဠိပထမပြန် စာမေးပွဲအပြင် ဓမ္မစရိယစာမေးပွဲကို စတင် ကျင်းပခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ၁၃၀၄(၁၉၄၂)ခုနှစ်မှစ၍ ၁၃၀၇(၁၉၄၅)ထိ တိုင် အောင် (၄)နှစ်တိတိ စာမေးပွဲများကို ကျင်းပနိုင်ခြင်း မရှိခဲ့ပါ။ ၁၉၄၈-ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ ပြီးနောက် ပရိယတ္တိပညာရေးပိုင်းအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင် သာသနာရေး အထူးအရာရှိထား၍ ယင်းရုံးအဖွဲ့မှ တာဝန်ယူပြီး ပထမပြန်နှင့်ဓမ္မာစရိယစာမေးပွဲကို ကျင်းပခဲ့သည်။ (၁၃၁၂)၁၉၅၀-ပြည့်နှစ်တွင် ပါဠိတက္ကသိုလ်နှင့် ဓမ္မာစရိယ အက်ဥပဒေကို ပြဌာန်း၍ ယင်း အက်ဥပဒေအရ ပါဠိတက္ကသိုလ်များ တည်ထောင်ကာ ပါဠိတက္ကသိုလ်ဝင်ကျောင်းများမှ ဆရာတော် သံဃာတော်များပါဝင်သော ပါဠိတက္ကသိုလ်ဗဟိုအဖွဲ့ ဖွဲ့စည်း၍ ဓမ္မာစရိယစာမေးပွဲကို စီမံအုပ်ချုပ်လျက် ပထမပြန်စာမေးပွဲနှင့်အတူ မကျင်းပတော့ဘဲ တသီးတခြားခွဲ၍ ဓမ္မာစရိယစာချတန်းကို စတင်ကျင်းပခဲ့သည်။
---------------------------------------------------------------
ဖြေဆိုမည့်သူ၏ အရည်အချင်းသတ်မှတ်ချက်
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
( ၁ ) ဓမ္မာစရိယစာမေးပွဲ ဖြေဆိုသူ၏ အရည်အချင်းသတ်မှတ်ချက်များမှာ ---
(က) ရဟန်း၊ သာမဏေ၊ သီလရှင်၊ လူဝတ်ကြောင်မည်သူမဆို ဝင်ခွင့်ရှိသည်။
(ခ ) ပထမကြီးတန်းအောင်မြင်မှသာ ဓမ္မာစရိယဖြေဆိုခွင့်ရှိသည်။
(ဂ ) မူလအောင်ခဲ့သော ဘွဲ့တော်ဖြင့်သာ အထက်စာမေးပွဲကို ဖြေဆိုရမည်။
(ဃ) မိမိဝါဆိုသောမြို့နယ်ရှိ စာဖြေဌာန၌ ဖြေဆိုခွင့်ရှိသည်။
(င ) တစ်ကျောင်းတစ်ဌာနထက်ပို၍ ဝင်ခွင့်တောင်းခံခြင်း မပြုရ။
( ၂ )
ဓမ္မာစရိယစာမေးပွဲတွင် ရိုးရိုးတန်း၊ မြန်မာဂုဏ်ထူးတန်းနှင့် ပါဠိဂုဏ်ထူးတန်း ဟူ၍ သုံးမျိုး ရှိပါသည်။ ဓမ္မာစရိယစာမေးပွဲကို နှစ်စဉ် မတ်လ၏ နောက်ဆုံးပတ် တွင် ပြည်နယ် /တိုင်းဒေသကြီးရှိ ခွင့်ပြုပြီးစာဖြေဌာန (၅၁)ဌာန၌ တစ်ပြိုင်နက်ကျင်းပပါသည်။ ရိုးရိုးတန်း ကျမ်းရင်းသုံးကျမ်းကို (၆)ရက်၊ မြန်မာဂုဏ်ထူး ကို (၁)ရက်နှင့် ပါဠိဂုဏ်ထူးကို (၂)ရက်၊ စုစုပေါင်း (၉)ရက် ကျင်းပပါသည်။
ဆက်ကပ်သည့် ဘွဲ့တံဆိပ်
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
ဓမ္မာစရိယရိုးရိုးတန်း ကျမ်းရင်းသုံးကျမ်းအောင်မြင်ပြီး အမှတ်အများဆုံးပုဂ္ဂိုလ်အား ဓမ္မာ စရိယ(ပထမ)(အဂ္ဂမဟာအကျော်)၊ ဓမ္မာစရိယ(ဒုတိယ)၊ ဓမ္မာစရိယ(တတိယ)ဟု ဆက်ကပ်ပါ သည်။
တစ်ပြည်လုံးဓမ္မာစရိယကျမ်းရင်းသုံးကျမ်းအောင်သော သီလရှင်များအနက် အမှတ်အများဆုံး ပုဂ္ဂိုလ်အား သီလရှင်(ပထမ) အဖြစ် ဆက်ကပ်ပါသည်။ ဘွဲ့တံဆိပ် အောင်လက်မှတ် ဆက်ကပ်ပွဲကို နှစ်စဉ် ဖေဖေါ်ဝါရီလဒုတိယပတ်တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် တစ်လှည့်စီ ကျင်းပပြုလုပ်ပါ သည်။ ဆက်ကပ်သော စာအောင်ဘွဲ့များမှာ -
(က) ရိုးရိုးတန်း ကျမ်းရင်းသုံးကျမ်းအောင်မြင်ပါက သာသနဓဇဓမ္မာစရိယဘွဲ့ ဆက်ကပ် ပါသည်။
(ခ) ကျမ်းရင်း သုံးကျမ်းနှင့် မြန်မာဂုဏ်ထူး တစ်ကျမ်းကျမ်း အောင်မြင်ပါက သာသနဓဇ သိရီပဝရဓမ္မာစရိယဘွဲ့ ဆက်ကပ်ပါသည်။
(ဂ) ကျမ်းရင်းသုံးကျမ်း နှင့် ပါဠိဂုဏ်ထူး အောင်မြင်ပါက အောင်မြင်သည့် ကျမ်းအလိုက် သာသနဓဇဓမ္မာစရိယ ဝိနယပါဠိပါရဂူ ၊ သာသနဓဇဓမ္မာစရိယ ဒီဃနိကာယပါဠိ ပါရဂူ၊ သာသနဓဇဓမ္မာစရိယ အဘိဓမ္မပါဠိပါရဂူဘွဲ့ တို့ကို ဆက်ကပ်ပါသည်။
သာသနာရေးဦးစီးဌာန
Comments
Post a Comment