ရဟန်းတော်များအတွက် အသောကမင်းကြီး၏ ကျောက်စာ
သုတ္တံအမည်များကို ပထမဆုံးစာဖြင့်ရေးထိုးတဲ့မှတ်တမ်း
အသောကမင်းတရား (304-232 BC) ၏ ကျောက်စာများအနက် ဘာဗရူကျောက်စာဟာ ဗုဒ္ဓဝါဒသမိုင်းအတွက် အလွန်အရေးပါသော ကျောက်စာတခုဖြစ်ပါတယ်။ ဒီကျောက်စာမှာ အသောကမင်းကြီးက သူသည် ဘုရား တရား သံဃာအား မည်မျှမြတ်နိုးကြောင်းဖော်ပြထားသလို သူတော်ကောင်းတရားအဓွန့်ရှည်ရေးအတွက် ပါဠိတော် (၇) သုတ်ကို နာယူကျင့်ဆောင်ကြရန် သုတ်အမည်များနှင်တကွ သံဃာတော်များအား လျှောက်ထားတာ တွေ့ရပါတယ်။ ဒီကျောက်စာကိုတွေ့ရှိတဲ့နေရာကတော့ အိန္ဒိယမြောက်ပိုင်း ရာဂျသန်ပြည်နယ် ဝိရတ်နဂါမြို့၏ အနောက်တောင်ဘက်တမိုင်အကွာ ဘာရက်စေတီအနီးကတောင်ပေါ်ကကျောက်တုံးမှာရေးထိုးထားတာဖြစ်ပါတယ်။ ယခုအခါ ကိုးလ်ကတ္တား ဘင်္ဂေါအာရှအဖွဲ့အစည်းမှာထားရှိတယ်လို့ဆိုပါတယ်။
ကျောက်စာမှာဖေါ်ပြထားတာကတော့....
ပိယဒသီမင်းသည် မဂဓတိုင်းသံဃာကို ရှိခိုးလျှောက်ကြား၏။
အနာရောဂါမရှိမူ၍ ချမ်းသာစွာနေကြပါစေသတည်း၊
အရှင်တို့......ဘုရား တရား သံဃာ၌ ကျွန်ုပ်၏ ရိုသေမြတ်နိုးခြင်းကိုအရှင်တို့ သိကြပါ၏။
အရှင်တို့......မြတ်စွာဘုရား ဟောကြားသော တရားတို့သည် ကောင်းစွာ ဟောကြားခြင်းတို့ဖြစ်ပါ၏။
အရှင်တို့......ထိုတွင် သူတော်ကောင်းတရား အဓွန့်ရှည်ရန် ဟောကြားသော တရားအချို့ကို ကျွန်ုပ်ညွှန်ကြားပါမည်။
အရှင်တို့.......ယင်းတရားတို့မှာ ဝိနယသမုကသ,
အရိယဝံသ, အနာဂတဘယ, မုနိဂါထာ,
မောနေယျသုတ်, ဥပတိသပသိနနှင့် မြတ်စွာဘုရား
မုသာဝါဒနှင့် စပ်လျဉ်း၍ ဟောကြားသော
ရာဟုလောဝါဒတို့ ဖြစ်ပါသည်။ ဤတရားတို့ကို
ကျွန်ုပ်လိုလားပါသည်။
အဘယ်ကြောင့်နည်းဟူမူ များစွာသောဘိက္ခု,ဘိက္ခုနီတို့ မပြတ်နာယူကျင့်ဆောင်ရန်နှင့် နည်းတူစွာ
ဥပသကာ, ဥပါသိကာတို့
နာယူကျင့်ဆောင်ရန်ဖြစ်ပါသည်။
အရှင်တို့...... ကျွန်ုပ်၏ အလိုဆန္ဒကို သိကြစေရန် ယင်းအကြောင်းကို ရေးသားစေပါသည်။ (အသောကကျောက်စာတော် ဘာသာပြန် ဦးသော်ဇင်)
ကျောက်စာလာ သုတ္တံအမည်(၇)ခု တွင် ဝိနယသမုကသကို ပညာရှင်များအကြား ကောက်ယူမှု အဓိပ္ပါယ်အမျိုးမျိုးကွဲပြားတယ်။
#ဆရာတော်အရှင်အာဒိစ္စဝံသက ဝိနယသမုကသကို ဝိနည်းပိဋက၌ဟု ဘာသာပြန်ပါတယ်။ အရိယာဝံ စသောနောက်သုတ်တွေကို ဝိနည်းပိဋကလာဟု အသောကမင်းအမှတ်မှား၍ ဆိုခြင်းလို့ ဆရာတော်ကယူပါတယ်။
#ပညာရှိဦးကျော်ထွန်းနှင့်ဆရာကြီးဦးသော်ဇင်က သုတ်သီးသန့်မယူဘဲ မြတ်စွာဘုရားအဆုံးအမဖြစ်သောဟု ဝိသေသနအဖြစ် ဘာသာပြန်လိုပါတယ်။ ဦးသော်ဇင်က သမုကသ ပါဠိကို သာမုက္ကံသလို့ပြင်လိုပါတယ်။
အသောကကျောက်စာအင်္ဂလိပ်ဘာသာပြန်သော
#Vincent A.Smith က ဓမ္မစက္ကပဝတ္တနသုတ် သို့မဟုတ် ဥဒါန်းပါဠိတော်ကို ယူလိုတယ်။
#ရာဓကုမုဒမုကရဂျီး ဆိုသော ဘင်္ဂါလီ ပညာရှင်က ထိုသုတ်တွေအပြင် သိင်္ဂါလောဝါဒသုတ်ကိုလည်းယူလိုတယ်လို့ဆိုတယ်။
#Ven S.Dhammaika ရဲ့The Edicts of King Asoka စာအုပ်မှာ Vinaya samukose: probably the Atthavasa Vagga, Anguttara Nikaya, 1-98,100 လို့လည်းဆိုပြန်ပါတယ်။
#A.J. Edmund က ဓမ္မစက္ကပဝတ္တနသုတ်ကိုယူတယ် ဝိနည်းမဟာဝါ နဲ့ မဟာဝဂ္ဂသံယုတ်မှာ လာပါတယ်။
#အိုလ်ဒင်ဘတ်နဲ့ရိုင်းစ်ဒေးဗစ်တို့က ပါတိမောက် ကိုရည်ညွှန်းတယ်လို့ဆိုတယ်။
#B.M.Barua က ဝိနယသမုကသကို ဝိနည်းသိက္ခာပုဒ်ပညတ်များနဲ့ ပတ်သက်သောအကောင်းဆုံးကျမ်းလို့ ဘာသာပြန်တယ်။
မိမိအလိုအရ ဝိနယသမုကမှ ''သမုကသ'' သည် ''သာမုက္ကံသ'' ဖြစ်သလား၊ ''သာမုက္ကံသိက'' ဖြစ်သလားဆိုတာ အရင်စဉ်းစားစရာဖြစ်လာပါတယ်။ သာမုက္ကံသိက ဆိုရင်တော့ ဗုဒ္ဓါနံသာမုက္ကံသိကဓမ္မဒေသနာအရ သစ္စာလေးပါးကိုအရကောက်တယ်။ နေတ္တိပ္ပကရဏအဋ္ဌကထာမှာ ''ဣဒံ ဓမ္မစက္ကန္တိ ယာယံ ဘဂဝတော စတုသစ္စဝသေန သာမုက္ကံသိကာ ဓမ္မဒေသနာ, ဣဒံ ဓမ္မစက္ကံ'' လို့ဖွင့်တဲ့အတွက် ဓမ္မစကြာသုတ်ကိုယူနိုင်တယ်။
သာမုက္ကံသ ဆိုရင် ပရိဝါအဋ္ဌကထာ နှင့် ပါစိတျာဒိယောဇနာပါဠိအရ ''စတ္တာရော သာမုက္ကံသာတိ စတ္တာရော မဟာပေဒေသာ'' ဟုဆိုတဲ့အတွက် သာမုက္ကံသ သည် မဟာပေဒသလေးပါး (ကိုယ်တော်တိုင် ချီးမြှင့်၍ ထားအပ်သော မဟာပဒေသ ညွှန်ကြားချက်ကြီးလေးပါး)ဖြစ်ပါတယ်။ မဟာပဒေသဟူသည် သာသနာမှာ ဖြစ်ပေါ်လာသော အယူဝါဒတစ်ခုကို ဘုရားရှင်၏ ဓမ္မဝိနယ ဟုတ်မဟုတ် စစ်ဆေးနည်းများဖြစ်ပါတယ်။ အသောကမင်းကြီးက ဝိနည်းမဟာပဒေသကို ရည်ညွှန်း၍ ဝိနယသာမုက္ကံသ(ဝိနယသမုကသ) လို့ဆိုလိုချင်တာလား စဉ်းစားစရာပဲဖြစ်ပါတယ်။
ဝိနည်းမဟာပေဒသလေးပါးက ဝိနည်းမဟာဝါ ဘေသဇ္ဇက္ခန္ဓကနောက်ဆုံးမှာလာပါတယ်။
On the four great references
https://suttacentral.net/pli-tv-kd6/en/horner
သုတ္တန် မဟာပေဒသ လေးပါးက အင်္ဂုတ္တရ် စတုက္ကနိပါတ် စသည်မှာလာပါတယ်။
https://suttacentral.net/an4.180/my/pmt
အရိယဝသာနိ ဆိုရင် ဒသအရိယဝါသာနိ (အရိယဝါသတရား ၁၀ပါး) တို့ကိုယူပြီး ဒီဃနိကာယ် သင်္ဂီတိသုတ်နဲ့ ဒသုတ္တရသုတ်၊ အင်္ဂုတ္တိုရ် ဒသကနိပါတ်တို့ကို ဒေါက်တာမောရစ်ဝင်တာနစ်က ညွှန်းပါတယ်။
အရိယဝံသ ကိုဆိုလိုတာဆိုရင် စတုကင်္ဂုတ္တရ ဥရုဝေလဝဂ်မှာ အရိယဝံသအမည်နဲ့သုတ် ရှိပါတယ်။
https://suttacentral.net/an4.28/my/pmt
အနာဂတဘယ မှာ အနဂါတ်အခါတွင် ရဟန်းတို့
တွေ့ကြုံရမည့်ဘေးအန္တရာယ်တို့နှင့် ပတ်သက်၍ ပဉ္စင်္ဂုတ္တရ ယောဓာဇီဝဝဂ်၌ လာသော သုတ်များဖြစ်ပါတယ်။
(၁) ပထမအနာဂတဘယသုတ်
https://suttacentral.net/an5.77/my/pmt
(၂) ဒုတိယအနာဂတဘယသုတ်
https://suttacentral.net/an5.78/my/pmt
(၃) တတိယအနာဂတဘယသုတ်
https://suttacentral.net/an5.79/my/pmt
(၄) စတုတ္ထအနာဂတဘယသုတ်
https://suttacentral.net/an5.80/my/pmt
မုနိဂါထာ ကိုတော့ နှစ်နေရာအဆိုပြုထားပါတယ်။
သုတ္တနိပါတ် ဥရဂဝဂ်မှ မုနိသုတ်
https://suttacentral.net/snp1.12/my/pmt
နှင့် ဓမ္မပဒ ဓမ္မဋ္ဌဝဂ်၌တွေ့ရသော မုနိဂါထာ
https://suttacentral.net/dhp256-272/my/pmt
မောနေယျသုတ်ကို သုတ္တနိပါတ်မဟာဝဂ်၌ တွေ့နိုင်ပါတယ်။
https://suttacentral.net/snp3.11/my/pmt
ဥပတိသပသိန ကို ဦးသော်ဇင်ကတော့ ခန္ဓဝဂ္ဂသံယုတ် သာရိပုတ္တဝဂ် သုစီမုခီသုတ်နဲ့
ဒီဃနိကာယ် ပါထိဝဂ်သမ္ပသာဒနီယသုတ် တသုတ်သုတ်ဖြစ်နိုင်ကြောင်းအဆိုပြုတယ်။
မိမိကတော့ သုတ္တနိပါတ်အဋ္ဌကဝဂ် သာရိပုတ္တသုတ် ဆိုတဲ့အဆိုကိုပိုကြိုက်တယ်။
https://suttacentral.net/snp4.16/my/pmt
ရာဟုလောဝါဒကိုမူ ကျောက်စာတွင် မြတ်စွာဘုရား
မုသာဝါဒနှင့်ပတ်သက်၍ ဟောကြားသောသုတ်ဟု ဆိုသဖြင့် ရာဟုလောဝါဒသုတ်တို့တွင် မဇ္ဈိမပဏ္ဏာသဘိက္ခုဝဂ်အမ္ဗလဋ္ဌိက သုတ်ဖြစ်ကြောင်းထင်ရှားပါတယ်။
https://suttacentral.net/mn61/my/pmt
သုတ်အားလုံးသည် အကျင့်ပိုင်းဆိုင်ရာ အထူးညွှန်ကြားထားသောသုတ္တံတွေချည်းဖြစ်ပါတယ်။ ထိုသုတ္တံတွေဟာ ယခုအချိန်အထိ ပိဋကတ်မှာ အတိအကျတွေ့ရှိရပါတယ်။ အနာဂတဘယသုတ်တွေမှာတွေ့ရတဲ့ အနာဂတ်ဘေးတွေဆိုတာ ယခုဖြစ်နေပါပြီ။ စာပေရေးသားမှတ်တမ်းတင်ခြင်းမရှိသေးသော ရှည်လျှားလှစွာသောအချိန်ကာလကြီးတလျှောက် နှုတ်ဆင့်ကမ်းသယ်ဆောင်လာသော သံဃာတော်တွေကို အလွန်အံ့သြကြည်ညိုမိပါတယ်။
ဖြစ်နိုင်ရင် အသောကမင်းညွှန်ကြားသောသုတ်များကို ကျမ်းစာအုပ်တအုပ်အဖြစ်နဲ့စုဆောင်းထားသင့်တယ်။
ဗံးပညာသာရ
Ven Pannasara
ဗုဒ္ဓအမည်တော်ကို အစောဆုံးမှတ်တမ်းတင်မှု ခေတ်ပြိုင်မှတ်တမ်း (အသောကထက်စော)
https://www.facebook.com/share/p/nzJ42AoVWU2WLeMW/?mibextid=oFDknk
အသောကကျောက်စာထက်စောတဲ့ ဘီစီလေးရာစု ဗုဒ္ဓအမည်တော်မှတ်တမ်းကို ဂရိဘုရင် Seleucus I Nicator (358 281 BC) ၏သံအရာရှိ မေဂ(စ်)ဿီနီ(စ်) (Megasthenes)350-290 BC ၏အိန္ဒိယမှတ်တမ်းတွင်တွေ့ရတယ်။ မေဂ(စ်)ဿီနီ(စ်) ဟာ အသောကမင်း၏ဘိုးတော်စန္ဒဂုတ်မင်းလက်ထက်တွင် အလက်ဇန်းဒရိယားမှ ပါဋလိပုတ်သို့ လာရောက်တဲ့ ဂရိသံတမန်ဖြစ်ပါတယ်။ ထိုအချိန်က ပါတလိပုတ်နေပြည်တော်မှာ ဘုရင်ကိုးကွယ်တဲ့ဘာသာက အာဇီဝက ဖြစ်နေသောကြောင့်ထင်တယ် မေဂ(စ်)သီနီ(စ်)၏ သမဏ ဗြာဟ္မဏတွေအကြောင်းမှတ်တမ်းတွင် သမဏနဲ့ ပတ်သက်၍ဖော်ပြချက်တွေက အာဇီဝကတွေ ဂျိန်းတွေရဲ့ နေထိုင်မှုစနစ်တွေကိုသာ အသားပေးပြောပြထားတာတွေ့ရပြီး ဗုဒ္ဓသံဃအဖွဲ့အစည်းနဲ့ပတ်သက်လို့ဖော်ပြချက်နည်းတယ်။ ဒါပေမယ့် အင်ဒီးယန်းတွေထဲမှာ ဗုဒ္ဓ၏ စည်းမျဉ်းအတိုင်းလိုက်နာကြတဲ့ ဖီလော်ဆော်ဖာတွေရှိတယ်လို့ ရေးထားတယ်။သူတို့ဟာ ဗုဒ္ဓကို ကိုယ်တော်မြတ်၏ သာမန်ထက်ပိုသောမွန်မြတ်သန့်စင်တဲ့ဖြစ်စဉ်တွေပေါ်မှာ နတ်ဘုရားတပါးကဲ့သို့ အသိမှတ်ပြုလက်ခံကြည်ညိုကြတယ်လို့ဆိုတယ်။ Among the Indians are those philosophers also who follow the precepts of Boutta(Buddha) , whom they honour as a god on account of his extraordinary sanctity.
မေဂ(စ်)ဿီနီ(စ်) မှတ်တမ်းအရ
ဗုဒ္ဓ နောက်လိုက်တွေဟာ ထိုခေတ်ထိုအခါကတည်းက အခြားသောသမဏ ဗြာဟ္မဏ တွေထက်ထူးခြားနေတာကိုတွေ့နိုင်ပါတယ်။
ဗံးပညာသာရ
Ven Pannasara
Comments
Post a Comment