မစိုးရိမ် မေတ္တာပို့
နေထွက်နေဝင်၊ ကိုးဂုဏ်ရှင်၊ နေ့စဥ်ရှိခိုးမယ်၊
အနန္တငါး၊ ဂုဏ်တော်များ၊ ညွတ်တွားကန်တော့မယ်။
မျက်နှာသစ်လျှင် ရေကိုမြင်၊ မြင်စဥ် မေတ္တာပွားပါ့မယ်၊
သစ်ရင်းသစ်ရင်း လျော့ယိုယွင်း၊ ရုပ်ဆင်း သတိထားပါ့မယ်။
တန်းတူတွေ့လျှင်၊ မေတ္တာဝင်၊ မဝင်နိုင်က၊ ပြိုင်တတ်တယ်။
ပြိုင်မဲ့အစား၊ မေတ္တာပွား၊ စိတ်ထားပြုပြင်ပြောင်းပါမယ်။
ကိုယ့်အောက်တွေ့လျှင်၊ ကရုဏာဝင်၊ မဝင်နိုင်က နိုင်တတ်တယ်။
နိုင်မဲ့အစား၊ ကရုဏာပွား၊ စိတ်ထားပြုပြင် ပြောင်းပါမယ်။
ကိုယ့်ထက်သာလျှင်၊ မုဒိတာဝင်၊ မဝင် ဣဿာ၊ ယိုင်တတ် တယ်။
ယိုင်မဲ့အစား၊ မုဒိတာပွား၊ စိတ်ထားပြုပြင် ပြောင်းပါမယ်။
သဗ္ဗေသတ္တာ၊ သတ္တဝါ၊ ကံသာမူလ၊ ပိုင်ကြတယ်။
ပိုင်သည့် အရေး၊ စိတ်ကတွေး၊ အေးအေးမြမြ နေပါ့မယ်။
စိတ်ကိုလဲပြင်၊ ရုပ်လဲပြင်၊ ပြင်ဆင်တိုင်းရ၊ လူတိုင်းလှ၊ သုခနိဗ္ဗာန် တိုင်လိမ့်မယ်။
မစိုးရိမ် ပဋ္ဌာန်းဆရာတော်ဘုရားကြီး
(ငယ်စဥ်က ဝိသုဒ္ဓါရုံဆရာတော်ကြီးဟု မှတ်သားခဲ့ရပါသည်။)
အခါတော်နေ့များ (မာဂဓီ သာစည်) စာအုပ် (နှာ - ၁၂၇) မှ
အဆိုပါ စာအုပ်မှာ "သဗ္ဗေသတ္တာ၊ သတ္တဝါ၊ ကံသာမူလ၊ ပိုင်ကြတယ်။
ပိုင်သည့် အရေး၊ စိတ်ကတွေး၊ အေးအေးမြမြ နေပါ့မယ်။" ဆိုသည့် စာသားမပါပါ။
- အထက်ပါ ကဗျာကို အဆိုတော် မေလသံစဉ်က "မေတ္တာပို့တေး" အဖြစ် သီဆိုထားပါသည်။
Comments
Post a Comment