အနတ္တ
ကိုဉာဏ်မြင့်
စူဠသစ္စကသုတ်၊ မ၊ ၁၊ ၂၉၀။ လာ "သဗ္ဗေ သင်္ခါရာ အနိစ္စာ, သဗ္ဗေ ဓမ္မာ အနတ္တာ’တိ။ဟူသော စကားအရ တရားအားလုံး အနတ္တဟု ဟောကြားထားသည်ကို တွေ့ရ၏။ ထိုတွင် တရားအားလုံးဟူသည် ထိုထိုသုတ်တို့၌ ခန္ဓာငါးဖြင့် အနတ္တ ဟောထားပုံအရလည်းကောင်း၊ အာယတန၁၂ပါး ပဋိစ္စသမုပ္ပါဒ်တရားဖြင့် အနတ္တ ဟောထားပုံအရလည်းကောင်း သိသာပါသည်။
အနတ္တလက္ခဏသုတ်၊ သံ၊ ၂ ၅၅၊ ‘‘ရူပံ, ဘိက္ခဝေ, အနတ္တာ။ ရူပဉ္စ ဟိဒံ, ဘိက္ခဝေ, အတ္တာ အဘဝိဿ, နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ, လဗ္ဘေထ စ ရူပေ – ‘ဧဝံ မေ ရူပံ ဟောတု, ဧဝံ မေ ရူပံ မာ အဟောသီ’တိ။ ယသ္မာ စ ခေါ, ဘိက္ခဝေ, ရူပံ အနတ္တာ, တသ္မာ ရူပံ အာဗာဓာယ သံဝတ္တတိ, န စ လဗ္ဘတိ ရူပေ – ‘ဧဝံ မေ ရူပံ ဟောတု, ဧဝံ မေ ရူပံ မာ အဟောသီ’’’တိ"ဟု ခန္ဓာငါးပါးသည် အနတ္တ အာဗာဓဖြစ်ကြောင်းနှင့် ခန္ဓာငါးပါးကို ဒီလိုဖြစ်ပါစေ ဒီလိုမဖြစ်ပါစေနဲ့ဟု စီမံ၍ မရကြောင်း ဟောကြားထားသည်။
ထိုတွင် အာဗာဓသဘောကို ဗြာဟ္မဇာလသုတ်၊ ဒီ၊ ၁၊ ၂၉။လာ "ရူပီ အတ္တာ ဟောတိ အရောဂေါ ပရံ မရဏာ သညီ’တိ နံ ပညပေန္တိ"စသော သဘောနှင့် နားလည်မှ ပိုမို နားလည်မည်။ တိတ္ထိတို့က ရုပ်စသည်ကို အနာဗာဓ အရောဂဖြစ်သော အတ္တဟု ယူသည်။ ဗုဒ္ဓက ရုပ်စသည်ကို အာဗာဓ ရောဂဖြစ်သော အနတ္တဟု မြင်သည်ဟု ဆိုလိုသည်။
အထက်ပါ အနတ္တလက္ခဏသုတ်လာ အစိုးမရသော သဘောကို စူဠသစ္စကသုတ်၊ မ၊ ၁၊ ၂၉၃။ လာ "အဂ္ဂိဝေဿန ထိုသို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုပင် ပြန်၍ မေးဦးအံ့၊ သင်နှစ်သက်သည့်အတိုင်း ထိုအမေးကို ဖြေကြားရာ၏၊ အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ်သနည်း၊ ပသေနဒိကောသလမင်းကဲ့သို့၊ သို့မဟုတ် မဂဓတိုင်းကို အစိုးရသော ဝေဒေဟီ (မိဖုရား)၏သားအဇာတသတ်မင်းကဲ့သို့ အဘိသိက်သွန်းပြီးသော ရေမြေရှင်မင်းအား မိမိနိုင်ငံ၌ သတ်ဖြတ်ညှဉ်းဆဲထိုက်သူကို သတ်ဖြတ်ညှဉ်းဆဲစေရန်လည်းကောင်း၊ ဥစ္စာဆုံးရှုံးစေထိုက်သူကို ဥစ္စာဆုံးရှုံးစေရန်လည်းကောင်း၊ နှင်ထုတ်ထိုက်သူကို နှင်ထုတ်စေရန်လည်းကောင်း အာဏာသည် ဖြစ်နိုင်ရာသလောဟု (မေးတော်မူ၏)။
အသျှင်ဂေါတမ ပသေနဒိကောသလမင်းကဲ့သို့၊ သို့မဟုတ် မဂဓတိုင်းကို အစိုးရသော ဝေဒေဟီ (မိဖုရား)၏သား အဇာတသတ်မင်းကဲ့သို့ အဘိသိက်သွန်းပြီးသော ရေမြေရှင်မင်းအား မိမိနိုင်ငံ၌ သတ်ဖြတ်ညှဉ်းဆဲထိုက်သူကို သတ်ဖြတ်ညှဉ်းဆဲစေရန်လည်းကောင်း ဥစ္စာဆုံးရှုံးစေထိုက်သူကို ဥစ္စာဆုံးရှုံးစေရန်လည်းကောင်း၊ နှင်ထုတ်ထိုက်သူကို နှင်ထုတ်စေရန်လည်းကောင်း အာဏာသည် ဖြစ်နိုင်ရာပါ၏ဟု (ဆို၏)။
အသျှင်ဂေါတမ မှန်ပါ၏။ ဤအစည်းအရုံးအဖွဲ့အစည်းဖြစ်သော ဝဇ္ဇီတိုင်းအစိုးရ မလ္လာတိုင်းအစိုးရတို့အားသော်မှ မိမိနိုင်ငံ၌ သတ်ဖြတ်ညှဉ်းဆဲထိုက်သူကို သတ်ဖြတ်ညှဉ်းဆဲစေရန်လည်းကောင်း၊ ဥစ္စာဆုံးရှုံးစေထိုက်သူကို ဥစ္စာဆုံးရှုံးစေရန်လည်းကောင်း၊ နှင်ထုတ်ထိုက်သူကို နှင်ထုတ်စေရန်လည်းကောင်းအာဏာသည် ဖြစ်နိုင်ပါသေး၏၊ ပသေနဒိကောသလမင်း၊ သို့မဟုတ် မဂဓတိုင်းကို အစိုးရသော ဝေဒေဟီ (မိဖုရား)၏သား အဇာတသတ်မင်းကဲ့သို့သော အဘိသိတ်သွန်းပြီးသော ရေမြေရှင်မင်းအားမူကား အဘယ် ဆိုဖွယ်ရာ ရှိပါအံ့နည်း၊ အာဏာဖြစ်နိုင်ရာပါ၏၊ အသျှင်ဂေါတမ အာဏာဖြစ်ရန်လည်းထိုက်ပါ၏ဟု (ဆို၏)။
အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ်သနည်း၊ အကြင်ရုပ်ကို ''ရုပ်သည် ငါ၏ကိုယ် 'အတ္တ' တည်း'' ဟု သင် ဤသို့ ဆို၏။ ထိုရုပ်၌ ''ငါ၏ ရုပ်သည် ဤသို့ ဖြစ်ပေစေ၊ ငါ၏ ရုပ်သည် ဤသို့ မဖြစ်စေလင့်'' ဟု သင် အာဏာထားနိုင်သလော'' ဟု မေးတော်မူ၏။ ဤသို့မေးတော်မူသော် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် ဆိတ်ဆိတ်နေ၏" ဟူသော သဘောနှင့် ထပ်မံနားလည်နိုင်ပါသည်။ ထိုသုတ်တို့အရ အနတ္တာ အစိုးမရဟု အာဏာသဘောပါသော အနက်ကို မြန်မာပညာရှိတို့ ပြန်ဆိုခဲ့ကြခြင်း ဖြစ်ဟန်တူသည်။
သဟေတုအနတ္တသုတ်၊ သံ၊ ၂၊ ၂၀၌ ‘‘ရူပံ, ဘိက္ခဝေ, အနတ္တာ။ ယောပိ ဟေတု ယောပိ ပစ္စယော ရူပဿ ဥပ္ပါဒါယ, သောပိ အနတ္တာ။ အနတ္တသမ္ဘူတံ, ဘိက္ခဝေ, ရူပံ ကုတော အတ္တာ ဘဝိဿတိ"စသည်ဖြင့် ခန္ဓာငါးပါး၏ အကြောင်းတရားများကိုပါ အနတ္တဟု ဟောကြားထားသည်။
ဆဆက္ကသုတ်၊ မ၊ ၃၊ ၃၂၉။ ၌ "စက္ခုဒွါရသည် အတ္တတည်း''ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ စက္ခုဒွါရ၏ ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ အကြင် တရားအား ဖြစ်ခြင်းသည်လည်းကောင်း၊ ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏၊ ထိုတရားကို (အတ္တဟုဆိုခဲ့လျှင်) ''ငါ၏ အတ္တသည် ဖြစ်လည်းဖြစ်၏၊ ပျက်လည်းပျက်၏''ဟု ဆိုရာရောက်၏၊ ထို့ကြောင့် ''စက္ခုဒွါရသည် အတ္တတည်း''ဟု တစ်ဦးတစ်ယောက်သည် ဆိုငြားအံ့၊ ထိုဆိုခြင်းသည် မဖြစ်သင့်၊ ထို့ကြောင့် စက္ခုဒွါရသည် အနတ္တတည်း။ ‘စက္ခု အတ္တာ’တိ ယော ဝဒေယျ တံ န ဥပပဇ္ဇတိ။ စက္ခုဿ ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ။ ယဿ ခေါ ပန ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ, ‘အတ္တာ မေ ဥပ္ပဇ္ဇတိ စ ဝေတိ စာ’တိ ဣစ္စဿ ဧဝမာဂတံ ဟောတိ။ တသ္မာ တံ န ဥပပဇ္ဇတိ – ‘စက္ခု အတ္တာ’တိ ယော ဝဒေယျ။ ဣတိ စက္ခု အနတ္တာ။"စသည်ဖြင့် အာယတနတရားများ အနတ္တဖြစ်ပုံကို ဖြစ်ခြင်းပျက်ခြင်းဖြင့် ရှင်းလင်းဟောကြားထားသည်။
ဝိပလ္လာသသုတ်၊ အံ၊ ၁၊ ၃၆၁၌ " အနတ္တနိ, ဘိက္ခဝေ, အနတ္တာတိ နသညာဝိပလ္လာသော နစိတ္တဝိပလ္လာသော နဒိဋ္ဌိဝိပလ္လာသော"ဟု ဟောကြားထားသည်။
စူဠဝေဒလ္လသုတ်၊ မ၊ ၁၊ ၃၇၄၌ "ရူပံ အတ္တတော သမနုပဿတိ, ရူပဝန္တံ ဝါ အတ္တာနံ, အတ္တနိ ဝါ ရူပံ, ရူပသ္မိံ ဝါ အတ္တာနံ။ ဝေဒနံ…ပေ… သညံ… သင်္ခါရေ… ဝိညာဏံ အတ္တတော သမနုပဿတိ, ဝိညာဏဝန္တံ ဝါ အတ္တာနံ, အတ္တနိ ဝါ ဝိညာဏံ, ဝိညာဏသ္မိံ ဝါ အတ္တာနံ။"ဟု အတ္တဟု ရှုပုံလေးမျိုးလာသည်။ ဆက်လက်၍ "န ရူပံ အတ္တတော သမနုပဿတိ, န ရူပဝန္တံ ဝါ အတ္တာနံ, န အတ္တနိ ဝါ ရူပံ, န ရူပသ္မိံ ဝါ အတ္တာနံ။ န ဝေဒနံ…ပေ… န သညံ… န သင်္ခါရေ…ပေ… န ဝိညာဏံ အတ္တတော သမနုပဿတိ, န ဝိညာဏဝန္တံ ဝါ အတ္တာနံ, န အတ္တနိ ဝါ ဝိညာဏံ, န ဝိညာဏသ္မိံ ဝါ အတ္တာနံ။"အတ္တဟု မရှုပုံလေးမျိုး သို့မဟုတ်၊ အနတ္တဟု ရှုပုံ လေးမျိုး လာရှိသည်။
အတ္တအဖွင့်
စူဠသစ္စကသုတ်၊ မ၊ ၁၊ ၂၉၂။၌ အတ္တအဖွင့်သည် အောက်ပါအတိုင်း လာရှိပေသည်။
"အသျှင်ဂေါတမ ဥပမာသော်ကား အလုံးစုံသော ဤမျိုးစေ့အားလုံးနှင့် အပင်အားလုံးတို့သည် မြေကိုမှီ၍မြေ၌တည်ကာ ကြီးပွားခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ကုန်၏၊ ဤသို့လျှင် ဤမျိုးစေ့အားလုံးနှင့် အပင် အားလုံးတို့သည် ကြီးပွားခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ကုန်သကဲ့သို့လည်းကောင်း၊ အသျှင်ဂေါတမ ဥပမာ တစ်နည်းသော်ကား ဤအားအစွမ်းဖြင့် ပြုအပ်သော အမှုကိစ္စအားလုံးတို့ကို မြေကို မှီ၍ မြေ၌ တည်ကာ ပြုရကုန်၏၊ ဤသို့ ဤအားအစွမ်းဖြင့် ပြုအပ်သော အမှုကိစ္စတို့ကို ပြုရကုန်သကဲ့သို့လည်းကောင်း အရှင်ဂေါတမ ဤအတူပင် (လျှင်) ရုပ်ကို ကိုယ် 'အတ္တ'ဟု ယူဆသော ဤသတ္တဝါပုဂ္ဂိုလ်သည် ရုပ်၌ တည်၍ ကုသိုလ် အကုသိုလ်တို့ကို ဖြစ်ပွားစေ၏၊ ခံစားခြင်းကိုကိုယ် 'အတ္တ'ဟု ယူဆသော ဤသတ္တဝါပုဂ္ဂိုလ်သည် ခံစားခြင်း၌ တည်၍ ကုသိုလ် အကုသိုလ်တို့ကိုဖြစ်ပွားစေ၏၊ မှတ်သားခြင်းကို ကိုယ် 'အတ္တ'ဟု ယူဆသော ဤသတ္တဝါ ပုဂ္ဂိုလ်သည် မှတ်သားခြင်း၌တည်၍ ကုသိုလ် အကုသိုလ်တို့ကို ဖြစ်ပွားစေ၏၊ ပြုပြင်စီရင်မှုတို့ကို ကိုယ် 'အတ္တ'ဟု ယူဆသော ဤသတ္တဝါပုဂ္ဂိုလ်သည် ပြုပြင်စီရင်မှုတို့၌ တည်၍ ကုသိုလ် အကုသိုလ်တို့ကို ဖြစ်ပွားစေ၏၊ အထူးသိမှု့ဝိညာဏ်ကို ကိုယ် 'အတ္တ'ဟု ယူဆသော ဤသတ္တဝါပုဂ္ဂိုလ်သည် အထူးသိမှုဝိညာဏ်၌ တည်၍ ကုသိုလ်အကုသိုလ်တို့ကို ဖြစ်ပွားစေ၏ဟု (ဆို၏)။
Comments
Post a Comment