ကမ္မာကမ္မ / ကံကြီးကံငယ်
တဇ္ဇနီယကံ
(တိပိအဘိဓာန်အတွဲ၉၊၅၆ကို ကြည့်၍ ရေးပါသည်။)
ခြိမ်းချောက်မှုဖြစ်သော ဝိနည်းကံကို တဇ္ဇနီယကံဟု ခေါ်သည်။ ကိုယ်တိုင် ခိုက်ရန်ပြုတတ်ပြီး အခြားရဟန်းတို့ကို ခိုက်ရန်ပြုရန်အားပေးအားမြှောက်ပြုတတ်သော ( ဆဗ္ဗဂ္ဂီ)ရဟန်းတို့အား ထို အပြစ်မှ ရှောင်ကြဉ်ရန် အပြစ်ဒဏ်ပေးရန် ဘုရားရှင်ပညတ်တော်မူအပ်သော ဉတ္တိစတုတ္ထကံ အမျိုး အစားဖြစ်သည်။ (ဝိ၊၄၊၃-၉။) (၁) ခိုက်ရန်ပြုခြင်း၊ (၂) ဗာလဖြစ်၍ အာပတ်သင့်မှုများခြင်း၊ (၃) လူတို့နှင့် ရောနှောနေခြင်း၊ (၄) သီလပျက်စီး၍ နေခြင်း၊ (၅) အကျင့်ပျက်စီး၍ နေခြင်း၊ (၆) အယူ ပျက်စီး၍ နေခြင်း၊ (၇) ဘုရား၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊ (၈) တရား၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊ (၉) သံဃာ၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်းအားဖြင့် ဤအင်္ဂါ၉-ပါးတွင် တစ်ပါးပါးမျှ ရှိလျှင် ၎င်းကံကို ပြုရ၏။ (ဝိ၊၄၊၉၊၁၀။ ဝိ၊ဋ္ဌ၊၄၊၂။)
နိယဿကံ
(တိပိအဘိဓာန်အတွဲ၁၂၊၆၁၂သည် မပြည့်စုံသောကြောင့် အထက်ပါ တဇ္ဇနီယကံအဖွင့်ကို နည်းမှီရေးပါသည်။ ဝိနည်းပဒေသာသင်တန်းလာ စကားကိုလည်း ယူထားပါသည်။)
“သင်သည် အမှီပြု၍ နေထိုင်ရမည်”ဟု ဆည်းကပ်စေကြောင်းဖြစ်သော ဝိနည်းကံကို နိယဿကံဟု ခေါ်သည်။ သေယျသက အစပြုသော ဗာလရဟန်းကို ကိုယ်စိုးကိုယ်ပိုင် နေခွင့်မရဘဲ ဆရာသမားကို အမှီပြုနေအောင် ပြုသော ဉတ္တိစတုတ္ထကံအမျိုးအစားဖြစ်သည်။ (၁) ခိုက်ရန်ပြုခြင်း၊ (၂) ဗာလ ဖြစ်၍ အာပတ်သင့်မှုများခြင်း၊ (၃) လူတို့နှင့် ရောနှောနေခြင်း၊ (၄) သီလပျက်စီး၍ နေခြင်း၊ (၅) အကျင့်ပျက်စီး၍ နေခြင်း၊ (၆) အယူ ပျက်စီး၍ နေခြင်း၊ (၇) ဘုရား၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊ (၈) တရား၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊ (၉) သံဃာ၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်းအားဖြင့် ဤအင်္ဂါ၉-ပါးတွင် တစ်ပါးပါးမျှ ရှိလျှင် ၎င်းကံကို ပြုရ၏။ (ဝိ၊၄၊၁၈။)
ဥက္ခေပနီယကံ
(တိပိအဘိဓာန်၊အတွဲ၄၊အပိုင်း၁၊၆၆၂ကို ကြည့်၍ ရေးပါသည်။ အဝါပြထားသည့် စကားများကို တဇ္ဇနီယကံကို နည်းမှီ၍ ပါဠိတော်နှင့် ညှိကာ ရေးထားပါသည်။)
သံဃာ့ဘောင်မှ နှင်ထုတ်ကြောင်းဖြစ်သော ဝိနည်းကံကို ဥက္ခေပနီယကံဟု ခေါ်သည်။ အရှင် ဆန္နကဲ့သို့ အာပတ်ကို မရှုခြင်း, မကုစားခြင်း၊ အရိဋ္ဌရဟန်းကဲ့သို့ ယုတ်မာသော မိစ္ဆာအယူကို မစွန့်ခြင်းဟူသော ပြစ်မှုတစ်ခုခု လွန်ကျူးမှုကြောင့် ထိုလွန်ကျူးသော ရဟန်းအား ပစ္စည်း အာမိသ အပေးအယူ ပြုလုပ်ခြင်း, စာပေကျမ်းဂန်သင်ယူခြင်း, ပို့ချခြင်း, ရှိခိုးခြင်း, ခရီးဦးကြိုဆိုခြင်း စသော ကိစ္စကြီးငယ်တို့၌ အခြားရဟန်းတို့နှင့် အတူတကွ ပါဝင်ပတ်သက် ဆက်ဆံခွင့်မရှိရအောင် သံဃ အသင်းအဖွဲ့မှ ကြဉ်ဖယ်ကြောင်းဖြစ်သော ဉတ္တိစတုတ္ထဝိနည်းကံအမျိုးအစားဖြစ်သည်။ (၁) ခိုက်ရန်ပြုခြင်း၊ (၂) ဗာလ ဖြစ်၍ အာပတ်သင့်မှုများခြင်း၊ (၃) လူတို့နှင့် ရောနှောနေခြင်း၊ (၄) သီလပျက်စီး၍ နေခြင်း၊ (၅) အကျင့်ပျက်စီး၍ နေခြင်း၊ (၆) အယူ ပျက်စီး၍ နေခြင်း၊ (၇) ဘုရား၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊ (၈) တရား၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊ (၉) သံဃာ၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်းအားဖြင့် ဤအင်္ဂါ၉-ပါးတွင် တစ်ပါးပါးမျှ ရှိလျှင် ၎င်းကံကို ပြုရ၏။ (ဝိ၊၄၊၅၁။)
Comments
Post a Comment