မဟာယာန ရဟန်းခံပွဲ
မဟာယာနရဟန်းတွေ ဘယ်လိုရဟန်းပြုသလဲ
ဦးဝဏ္ဏသီရိ (ပုလော)
🔳 ထေရဝါဒက မဟာယာနအပေါ် သံသယဖြစ်နေတာတစ်ခုက မဟာယာနရဟန်းတွေဟာ ထေရဝါဒရဟန်းတော်တွေလို ဝိနည်းမဟာဝါပါဠိ၊ မဟာခန္ဓက၊ ဥပသမ္ပဒါဝိဓိလာ ဝိနည်းတော်လုပ်ထုံးလုပ်နည်းနဲ့အညီ စနစ်တကျ ရဟန်းပြုလာတာ ဟုတ်ရဲ့လားဆိုတဲ့ သံသယပါ။ မိမိလည်း အရင်က အဲ့ဒီသံသယ ရှိပါတယ်။ သံသယရှိပေမဲ့ စူးစမ်းလေ့လာတာမျိုး အချိန်ပေး ဖတ်ရှု့တာမျိုး မရှိတဲ့အတွက် ရေရေရာရာ မသိခဲ့ပါဘူး။ တိုက်ဆိုင်မှုတစ်ခုကြောင့် အာဆီယံစကော်လားရှစ်နဲ့ အသစ်ဖွင့်လှစ်ထားတဲ့ အိန္ဒိယက တက္ကသိုလ်တစ်ခုမှာ ကျောင်းတက်ခွင့်ရပြီး ထေရဝါဒ၊ မဟာယာန၊ ၀ဇိရာယာန ဗုဒ္ဓဘာသာဂိုဏ်းသုံးခုလုံးရဲ့ ကျမ်းစာအယူဆနဲ့ ဝိနည်းသဘောတရားတွေကို ၂-နှစ်တာ ထိတွေ့ခွင့်ရလိုက်တယ်။ ဒါ့အပြင် တက္ကသိုလ်မှာရှိနေတဲ့ မဟာယာနနဲ့ ၀ဇိရာယာနဂိုဏ်းက ရဟန်းတော်တွေဆီကနေကလည်း သူတို့ရဲ့ နေ့စဉ်ဘ၀နေထိုင်မှုပုံစံနဲ့ ယဉ်ကျေးမှုကို တိုက်ရိုက် ကိုယ်တိုင်လေ့လာခွင့် ရလိုက်တယ်။ အဲ့ဒီအခါကျမှ စူးစမ်းလေ့လာ ဖြစ်သွားတယ်။
ထေရဝါဒရဟန်းခံပုံနဲ့ မဟာယာန ရဟန်းခံပုံ တူသလားဆိုရင် မဟာယာနမှာ ထပ်တိုးထားတဲ့ ဗောဓိသတ္တအဖြစ်ခံယူတဲ့ အစီစဉ်ကလွဲရင် တူတယ်လို့ ပြောလို့ရပါတယ်။ မဟာယာနရဟန်းတော်များရဲ့ ရဟန်းခံပုံကို မပြောခင် မဟာယာနရဟန်းတွေအသုံးပြု ဝိနည်းအကြောင်း အနည်းငယ် မိတ်ဆက်ပါဦးမယ်။
မဟာယာနမှာ အသုံးပြုတဲ့ ဝိနည်း
🔳 ဝိနည်းက ထေရဝါဒဝိနည်း၊ ဓမ္မဂုတ္တဝိနည်း၊ မဟာသံဃိကဝိနည်း၊ မဟိသာသကဝိနည်း၊ မူလသဗ္ဗတ္ထိဝါဒဝိနည်းနဲ့ သဗ္ဗတ္ထိဝါဒဝိနည်းဆိုပြီး ခြောက်မျိုးလောက်ရှိပါတယ်။ လက်ရှိမှာတော့ ဝိနည်းခြောက်မျိုးထဲက သုံးမျိုးကို အသုံးပြုလျက်ရှိပါတယ်။ ထေရဝါဒက ထေရဝါဒဝိနည်းကို အသုံးပြုပြီး မဟာယာနက ဓမ္မဂုတ္တဝိနည်းအသုံးပြုပါတယ်။ ၀ဇိရာယာနက မူလသဗ္ဗတ္ထိဝါဒဝိနည်းကို ကျင့်သုံးလျက်ရှိပါတယ်။ အသေးစိတ်ဝိနည်းသိက္ခာပုဒ် ကွာခြားပုံဇယားကို ထေရဝါဒပိဋကတ်နှင့် မျဉ်းပြိုင်များဆိုတဲ့ ပို့စ်မှာ ကြည့်ရှု့နိုင်ပါတယ်။ မဟာယာနမှာ အသုံးပြုတဲ့ ဓမ္မဂုတ္တဝိနည်းကို စတု၀ဂ္ဂိယဝိနယလို့ ခေါ်ပါတယ်။ ကျမ်းစာဖွဲ့စည်းပုံက ဘိက္ခုဝိဘင်္ဂ၊ ဘိက္ခုနီဝိဘင်္ဂ၊ ခန္ဓက၊ သံယုတ္တ၀ဂ္ဂ၊ ဧကောတ္တရ (ပရိဝါရ)၊ ဘိက္ခုပါတိမောက် ဘိက္ခုနီပါတိမောက်၊ ဘိက္ခုကမ္မဝါစာ ဘိက္ခုနီကမ္မဝါစာတို့ဖြင့် ဖွဲ့စည်းထားပါတယ် (အောက်မှာ မူရင်းဖတ်ရန် link)။ ထေရဝါဒနဲ့ မဟာယာနဝိနည်းသိက္ခာပုဒ် အရေအတွက်ချင်း ယှဉ်ကြည့်ရင် မဟာယာနက အရေတွက်ပိုများနေတာတွေ့ရလိမ့်မယ်။ ရဟန်းတော်တွေအတွက် ထေရဝါဒမှာ သိက္ခာပုဒ်အရေတွက်က ၂၂၇-ဖြစ်ပြီး မဟာယာနမှာတော့ သိက္ခာပုဒ်အရေတွက်က ၂၅၀ အထိရှိပါတယ်။ ပါရာဇိက၊ သံဃာဒိသိသ်၊ နိဿဂ္ဂိပါစိတ်၊ အနိယတနှင့် အဓိကရဏသမထမှာ သိက္ခာပုဒ်အရေတွက် အားလုံးတူပါတယ်။ အဓိကအရေတွက်ကွာသွားတာက အသေးစားသိက္ခာပုဒ်တွေဖြစ်တဲ့ သေခိယအပိုင်းမှာပါ။ ထေရဝါဒမှာ သေခိယသိက္ခာပုဒ်က ၇၅ -ခုပဲ ရှိပေမဲ့ မဟာယာနမှာ သေခိယသိက္ခာပုဒ်အရေတွက်က ၁၀၀-အထိ ဖြစ်သွားတယ်။ ဆိုတော့ မဟာယာနရဲ့ ဥပသမ္ပဒါဝိဓိ ရဟန်းခံတဲ့အစီစဉ်ဟာ ဓမ္မဂုတ္တဝိနည်းကို အသုံးပြုပြီး ဆောင်ရွက်တယ်ဆိုတာ နားလည်နိုင်ပါတယ်။
မဟာယာန ရဟန်းပြုပုံ အဆင့် (၃) ဆင့်
🔳 မဟာယာနမှာ ရဟန်းပြုပုံ အဆင့်သုံးဆင့် ရှိပါတယ်။ ဒါကို Triple platform ordination လို့ ခေါ်ပါတယ်။ ပထမအဆင့်အနေနဲ့ ရှင်သာမဏေအဖြစ်ကို ခံယူရပါတယ်။ ရှင်သာမဏေဖြစ်ပြီးမှ ဒုတိယအဆင့်အနေနဲ့ ရဟန်းအဖြစ်ခံယူရပါတယ်။ ပထမနှင့် ဒုတိယအဆင့်က ထေရဝါဒနှင့် တူပါတယ်။ ဓမ္မဂုတ္တဝိနည်းတော်အရ ဆောင်ရွက်တာ ဖြစ်ပါတယ်။ တတိယအဆင့်က ဗောဓိသတ္တဘုရားလောင်းအဖြစ် ခံယူတဲ့ အစီစဉ်ပါ။ ဒီအဆင့်က ဝိနည်းတော်အရ ဆောင်ရွက်တာ မဟုတ်ပဲ ဗောဓိသတ္တဘုရားလောင်းများကျင့်ဆောင်ရမယ့် သီလများကို ဖော်ပြထားတဲ့ မဟာယာနဗြဟ္မဇာလသုတ်၊ ဗောဓိသတ္တဘူမိသုတ်၊ ကေယူလ မူလကမ္မသုတ်၊ ဥပါသကာသီလသုတ်နှင့် ယောဂါစာရဘူမိသတ္ထအရ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ထေရဝါဒနှင့် လုံး၀ခြားနားသွားတာ ဒီနောက်ဆုံးအပိုင်း ဖြစ်ပါတယ်။
ရဟန်းမခံခင် ရဟန်းလောင်းတစ်ပါး ဆောင်ရွက်ရမည့်အရာများ
🔳 ရဟန်းအဖြစ်ခံယူမယ့် လူုဂ္ဂိုလ်ဟာ ဗုဒ္ဓဘာသာဆိုင်ရာကော့လိပ်မှာ သိသင့်သိထိုက်သည်များကို လေ့ကျင့် သင်ယူရန် တက်ရောက်ရပါတယ်။ ကော့လိပ်ဆရာများက ရဟန်းပြုရန် သင့်တော်မည့်သူများကို ရွေးချယ်ပေးရပြီး မဟာမထေရ်ဆရာတော်ကြီးမှ အတည်ပြုလက်မှတ် ထိုးပေးရတယ်။ ဆံချကတုံးတုံးရန် ခွင့်ပြုချက်ရမှ ရှင်သာမဏေပြုပေးပြီး ရဟန်းခံတဲ့အထိ ဆက်လက်သင်ယူလေ့လာရပါတယ်။ ဆံချတဲ့ကာလနှင့် ရဟန်းမခံမီကြား တစ်နှစ်ကို နှစ်ကြိမ် ကာလတို ရိပ်သာဝင်ရတယ်။ ရိပ်သာစဉ်ကာမှာ ရှင်သာဏေအဖြစ် ခံယူကြတယ်။ ရဟန်းမခံခင်ကာလတွင် စည်းမျဉ်းစည်းကမ်းများကို တင်းကြပ်စွာ လိုက်နာရပါတတယ်။ နေ့လွဲပြီးနောက် အစိုင်အခဲစားသောက်ဖွယ်ရာများကို စားသုံးခွင့်မရှိပါ။ စည်းကမ်းထိန်းသိမ်းရေးဆရာများက အမြဲမပြတ် စောင့်ကြပ်ပါတယ်။ ညနေပိုင်းကနေ မနက်စာမစားခင်အထိ စကားမပြောပဲ တိတ်ဆိတ်စွာ ကျင့်သုံးနေထိုင်မှု ပြုရတယ်။
နေ့စဉ်လုပ်ငန်းအနေနဲ့ မနက် ၅-နာရီ အိပ်ယာထ၊ ရွတ်ဖတ်သရဇ္ဈယ်ပြီး သန့်ရှင်းရေး ဆောင်ရွက်ကြရတယ်။ ထို့နောက် သင်ကြားရေးဝင်ရပြီး မွန်းမလွဲခင် နေ့လယ်စာ သုံးဆောင်။ နေ့လယ်ခနနားပြီး သင်ကြားရေးသို့မဟုတ် ရွတ်ဖတ်သရဇ္ဈယ်။ ညနေပိုင်း သန့်ရှင်းရေးလုပ်၊ သစ်ပင်စိုက်ပျိုး၊ မီးဖိုချောင်ဝင်။ ညဦးပိုင်း medicine meal ဘေသဇ္ဇဘတ္တခေါ် ဆေးဖြစ်ဝါးဖြစ် သုံဆောင်ရတဲ့ စွတ်ပြုတ် သို့မဟုတ် အရည်သာ သုံးဆောင်ခွင့်ရှိတယ်။ အစာသည်ပင် ဆေး၊ ဆေးသည်ပင်အစာ အမှတ်ဖြင့် သုံးဆောင်ခြင်းမျိုးဖြင့် သုံးဆောင်ခြင်း ဖြစ်ပါတယ်။ ခဲဖွယ်ဘောဇဉ် သုံးဆောင်ခွင့်မရှိပါ။ တိဘက်ရဲ့ မူလသဗ္ဗတ္ထိဝါဒဝိနည်းကို ကြည့်ရင်လည်း ညနေပိုင်းသုံးဆောင်မှုကို ခြွင်းချက်တစ်ခုအနေနဲ့ ခွင့်ပြုထားတာ တွေ့ရတယ်။ ကျန်းမာရေးမကောင်းတဲ့အခါ၊ ခရီးသွားတဲ့အခါ၊ ရာသီဥတုဆိုးဝါးသည့်အခါ သုံးဆောင်နိုင်တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမဟာယာနမှာ အသေးစားသိက္ခာပုဒ်တွေနဲ့ ပတ်သက်ပြီး ပြုလွယ်ပြောင်းလွယ်ရှိသွားတာက သံဃာက အလိုရှိပါက ခုဒ္ဒါနုခုဒ္ဒကသိက္ခာပုဒ်များကို နုပ်ပယ်နိုင်သည်ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ မိန့်ကြားချက်ကို မြင်တဲ့အမြင်က ထေရဝါဒနှင့် မတူတဲ့အတွက်ကြောင့်ရယ်။ နောက်တစ်ခုက မဟီသာသကဝိနည်းမှာ ကာလ၊ ဒေသအားလျော်စွာ အသေးစားသိက္ခာပုဒ်များကို နုတ်ပယ်၊ ဖြည့်စွက်လို့ရတဲ့ဆိုတဲ့ ပညတ်ချက်သိက္ခာပုဒ်ကြောင့် ဖြစ်ပါတယ်။ ဒီပညတ်ချက်ကို သကာယနိရုတတ္တိယာကနေ ဖြာထွက်လာတဲ့ ပညတ်ချက်တစ်ခု ဖြစ်တယ်လို့ နားလည်ကြတယ်။ ရဟန်းလောင်းများအတွက် နေ့စဉ်လုပ်တဲ့နောက်တစ်ခုက အိပ်ယာမဝင်ခင် နေ့စဉ်မှတမ်း ဖြည့်ရတဲ့ကိစ္စပါ။ နေ့စဉ်မှတ်တမ်းများကို ကြီးကြပ်ရေးဆရာတော်များက သုံးသပ်ပြီး မှတ်ချက်အကျဉ်းရေးပေးရသည်။
🔳 နေ့စဉ်ဝတ်ရွတ်စဉ်အနေနဲ့ ရှင်ရဟန်းဘ၀တွင် စနစ်တကျ ဘုရားဝတ်ပြုနိုင်ရန်အတွက် ရဟန်းလောင်များဟာ နေ့စဉ်ဘုရားရှိခိုးဝတ်ရွတ်စဉ်များကို ကျက်မှတ်ရတယ်။ မနက်ပိုင်း ဝတ်ရွတ်စဉ်အတွက် မန္တာန်ဆယ်ခု နှင့် ဟဒယသုတ်၊ အမိတဘာသုတ် စသည်တို့ကို ကျက်မှတ်ရတယ်။ ကျက်မှတ်စရာအများစုကို ဗုဒ္ဓဘာသာကော့လိပ်တွင် လေ့ကျင့်ရေး ဆောင်ရွက်နေစဉ်အတွင်း ကျက်မှတ်ပြီးသား ဖြစ်သွားသည်။ ကျက်မှတ်ထားသမျှကို သတ်မှတ်ထားသည့် ကြီးကြပ်ရေးဆရာတော်များအထံ ပြန်ဆိုရသည်။
မနက်ပိုင်း ဝတ်ရွတ်စဉ်တွင် သုရင်္ဂမမန္တာန်လည်း ပါဝင်ပါတယ်။ သုရင်္ဂမမန္တာန်ဆိုတာက မဟာယာနရဲ့ အဓိကအယူအဆဖြစ်တဲ့ သတ္တဝါအားလုံးတွင် ဘုရားဖြစ်ရန်မျိုးစေ့ ပါရှိသည်ဟူသော တထာဂတဂဗ္ဘ ဒေသနာပါဝင်တဲ့ မန္တာန်ဖြစ်ပါတယ်။ တထာဂတဂဗ္ဘဟာ နောက်ပိုင်း ဈာင်ဗုဒ္ဓဘာသာရဲ့ အလွန်အရေးပါသော ဒေသနာ ဖြစ်ပါတယ်။ ဒါ့အပြင် နီလကဏ္ဌဓာရဏီ ခေါ် မဟာကရုဏာဓာရဏီကို လည်း မနက်ပိုင်း ဝတ်တက်ရာတွင် ရွတ်ဖတ်ရပါတယ်။ ညနေပိုင်း ဝတ်ရွတ်စဉ်မှာ ဘေသဇ္ဇရာဇာဘေသဇ္ဇသမုဒါဂတဗောဓိသတ္တသုတ်နှင့် ဥပါလိပရိပုစ္ဆာတွင် ပါရှိတဲ့ ၈၈-ပါးသော မြတ်ဗုဒ္ဓ၏ သံ၀ဂများနှင့် စူဠအမိတဘာဘသုတ်အပြင် အမိတာဘာဗုဒ္ဓကို ချီးမွမ်းထောပနာပြုခြင်း၊ အမိတဘာဗုဒ္ဓ၏ နာမတော်ကို ရွတ်ဖတ်ခြင်းတို့ ပါဝင်ပါတယ်။
မနက်စာနှင့် နေ့လယ်စာ သုံးဆောင်သည့်အခါ ဝေရောစနဗုဒ္ဓ (ဓမ္မကာယ)၊ ရောစနဗုဒ္ဓ (သမ္ဘောဂကာယ)၊ သကျမုနိဗုဒ္ဓ (နိမ္မာနကာယ) ဟူသော တြိကာယကိုလည်းကောင်း၊ မဉ္ဖူသိရီ၊ အ၀လောကိတေသွာရ၊ သမန္တဘဒြ၊ ကိတိဂဗ္ဘ ဟူသော မဟာဗောဓိသတ္တလေးပါးကိုလည်းကောင်း၊ တခြားသောဗောဓိသတ္တအားလုံးကိုလည်းကောင်း၊ မဟာပညာပါရမိတာကိုလည်းကောင်း စိတ်ညွှတ်ကာ စားသောက်ဖွယ်ရာများကို လှူဒါန်းမှုပြု၍ သုံးဆောင်ရပါတယ်။ မနက်စာနှင့် နေ့လယ်စာ သုံးဆောင်ပြီးနောက်မှာလည်း ကိုယ်ကျင့်သီလများသည် အနုတ္တရဗောဓိ၏ အရင်းမူလဖြစ်သည်၊ စိတ်တွင် စွဲမြဲစွာဖြင့် ဖြူစင်သောသီလကို ထိန်းသိမ်းရမည်ဟူသော ဂါထာကို ရွတ်ပွားရပါတယ်။ အနုတ္တရဗောဓိဆိုတာ ဘုရားအဖြစ်ကို ဆိုလိုပါတယ်။
မဟာယာနမှာ ရဟန်းခံမယ်ဆိုရင် ပုံမှန်အားဖြင့် ရှင်သာမဏေဘ၀နဲ့ အနည်းဆုံး ၆-လကနေ တစ်နှစ်အထိ သက်တမ်းရှိမှ ရဟန်းခံခွင့် ပြုပါတယ်။ နောက်ထပ် ထူးခြားတာတစ်ခုက ရဟန်းမခံခင် ရဟန်းလောင်းဟာ ဓမ္မဝိနယနဲ့ဆိုင်တဲ့ နှုတ်ဖြေစာမေးပွဲကို အောင်မြင်ထားရပါ့မယ်။ စာမေးပွဲအောင်ထားသူကိုသာ ရဟန်းပြုခွင့်ပေးပါတယ်။ ဝိနည်းကို အာဂုံရဆောင်ထားရမည် ဖြစ်ပြီး သာမဏေဘ၀က ကျူးလွန်းထားသောအပြစ်များရှိပါက ဥပဇ္ဈယ်ဆရာထံတွင် ဝန်ခံပြောကြားရတယ်။ အပြစ်များကို စင်ကြယ်အောင်ဆောင်ရွက်ပြီးမှ ရဟန်းပြုခွင့် ပြုပါတယ်
အသက် ၂၀ ပြည့်ရမယ်။ သပိတ်သင်္ကန်းပြည့်စုံရမယ်။ ရဟန်းမပြုထိုက်သူ ၁၃-ယောက်ထဲ မပါဝင်ရ။ ပဏ္ဍုတ်၊ ထေယျသံဝါသက၊ ပဉ္စာနန္တရိယကံ ကျူးလွန်ထားသူ၊ ပါရာဇိကကျပြီးသူ စသည်။ ထေရဝါဒ ဝိနည်း ဥပသမ္ပဒါဝိဓိမှာ ညွှန်ကြားထားသည့်အတိုင်း ဥပဇ္ဈာယ်ဆရာ၏အမည်ကို သိရမယ်။ အနာကြီးငါးမျိုးကင်းသူ ဖြစ်ရမယ်။ လူသားစင်စစ် ဖြစ်ရမယ်။ ယောကျာ်းစင်စစ် ဖြစ်ရမယ် စသည်။ ကွဲပြားတဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းနောက်ခံကြောင့် အခမ်းအနား ပြုလုပ်ဆောင်ရွက်ပုံတွေ ကွဲပြားကြပေမဲ့ သဘောသွားအားဖြင့် ထေရဝါဒဝိနည်းလုပ်ထုံးလုပ်နည်းနဲ့ မဟာယာနဝိနည်းလုပ်ထုံးလုပ်နည်း အားလုံးနီးပါး တူတဲ့အတွက် တူညီတဲ့အပိုင်းတွေကို မရေးပြတော့ပါဘူး။
မဟာယာနမှာ ဘယ်ချိန် ရဟန်းခံပွဲ ကျင်းပလေ့ရှိလဲ
🔳 မဟာယာနမှာ ရဟန်းခံပွဲတွေကို အလွန်ကြီးမားစွာ ကျင်းပလေ့ရှိတယ်။ ဒီရဟန်းခံပွဲတွေဟာ ရက်သတ္တပတ်များစွာကနေ လများစွာအထိ ကြာတတ်ပါတယ်။ ရဟန်းလောင်းတွေကလည်း ရာချီ၊ ထောင်ချီပါဝင်ပါတယ်။ ထေရဝါဒလို မဟုတ်ပဲ တရုတ်မှာဆို သုံးနှစ်မှ ငါးနှစ်အတွင်း တစ်ကြိမ် ရဟန်းခံပွဲကို ကျင်းပါတယ်။ နှစ်တိုင်းကျင်းပတာ မျိုးမဟုတ်ပါ။ ဗီယက်နာမ်ကို ကြည့်ရင်လည်း ထိုနည်းတူစွာ နှစ်နှစ် သုံးနှစ်ကြာမှ တစ်ခါ ခရိုင်အလိုက် ပြည်နယ်အလိုက် ကျင်းပကြတာ တွေ့ရတယ်။ ကြီးမားသည့်ပွဲဖြစ်သည့်အတွက် အချိန်များစွာယူပြီး ပြင်ဆင်ရပါတယ်။
မဟာယာနမှာ သိမ်ရှိသလား
🔳 ရဟန်းခံတဲ့နေရာမှာ ထေရဝါဒရဟန်းတော်များအတွက် သိမ်ဟာ အလွန်အရေးကြီးပါးတယ်။ ရဟန်းခံမှုအပါဝင် သံဃာတော်တွေရဲ့ ကံကြီးကံငယ်ကိစ္စများကို သိမ်ထဲမှာပဲ ဆောင်ရွက်ရတာမို့ပါ။ ဒါဆို မေးခွန်းက မဟာယာနမှာရော သိမ်ရှိပါသလားဆိုတဲ့ မေးခွန်းပါ။ ဓမ္မဂုတ္တဝိနည်းမှာလည်း ထေရဝါဒဝိနည်းလို သိမ်ခွင့်ပြုတဲ့ ဥပေါသထက္ခန္ဓက ပါရှိတဲ့အတွက် အဖြေကတော့ ရှိပါတယ်။ မတူညီတဲ့ယဉ်ကျေးမှုနှင့် သမိုင်းနောက်ခံကြောင်း ကွဲပြားမှုအချို့တော့ ရှိပါတယ်။ ဗဒ္ဓသိမ်၊ အဗဒ္ဓသိမ်အကြောင်း၊ အဗဒ္ဓသိမ်အမျိုးစားများဖြစ်တဲ့ ဂါမသိမ်, ဥဒကုက္ခေပသိမ်, သတ္တဗ္ဘန္တရသိမ်, များအကြောင်း မဟာယာနဆရာတော်ကြီး ရှင်းပြထားတဲ့ ယူကျူးဗီယိုဖိုင်၊ ဖတ်လို့ရမယ့် ဝက်ဆိုက်နှင့် ပုံကို အောက်မှာဖော်ပြထားပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ တိုက်ရိုက်ဖော်ပြထားတာ မဟုတ်တဲ့အတွက် Translate နဲ့ဖတ်မှ ရပါတယ်။ ဒီနေရာမှာတော့ အကျယ်မဖော်ပြတော့ပါဘူး။
ရှင်ပြု, ရဟန်းခံ, ဗောဓိသတ္တဘုရားလောင်အဖြစ်ခံယူခြင်း, Triple platform ordination သုံးမျိုးလုံးနှင့် သက်ဆိုင်သော လုပ်ငန်းစဉ်ငါးရပ်
🔳 ၁။ ရှင်ပြုခြင်း၊ ရဟန်းခံခြင်း၊ ဗောဓိသတ္တအဖြစ်ခံယူခြင်း အစီစဉ်သုံးရပ်လုံးမှာ တွေ့ရတဲ့ ပထမတစ်ခုက Prostration ဝပ်စင်း၍ ဦးချမှု ဖြစ်ပါတယ်။ ဝပ်စင်း၍ ဦးချမှုဟာ မဟာယာနရဲ့ အရေးပါသော အမှတ်အသားတစ်ခုပါ။ ခြေ၊ လက်၊ ဦးခေါင်းနှင့် ဒူး အားလုံးကို ကြမ်းပြင်ကိုထိစေ၍ ဦးချရပါတယ်။ ရှင်သာဏေပြုရာမှာ အကြိမ် ၅၀ ကျော်၊ ရဟန်းခံရာမှာ အကြိမ် ၁၅၀ ခန့်၊ ဗောဓိသတ္တအဖြစ်ခံယူရာမှာ အကြိမ် ၁၀၀ ခန့် ဝပ်စင်းဦးချရပါတယ်။ ဦးချရာမှာ ရဟန်းလောင်များ တညီတညာတည်း ဖြစ်စေဖို့ ကြီးကြပ်ရေးဆရာတော်များက အကြိမ်ကြိမ် လေ့ကျင့်ပေးထားရပါတယ်။
၂။ အစီစဉ်သုံးရပ်လုံးနှင့်ဆိုင်တဲ့ ဒုတိယတစ်ခုက ပတ္တိဒါန ကုသိုလ်အမျှပေးဝေခြင်း ဖြစ်ပါတယ်။ ရှင်ပြု၊ ရဟန်းခံ၊ ဘုရားလောင်းအဖြစ် ခံယူတဲ့အစီဉ် အားလုံးမှာ ပတ္တိဒါနကို နှစ်ကြိမ် ပြုလုပ်ရတယ်။ ပထမတစ်ကြိမ်က ရှင်သာမဏေမပြုခင်၊ ရဟန်းမခံခင်၊ ဗောဓိသတ္တအဖြစ်မခံယူခင် အပြစ်ကို ဝန်ခံခြင်း အစီစဉ်ပြီးဆုံးပြီးနောက် ထိုကုသိုလ်အဖို့ကို အမျှပေးဝေတဲ့အနေနဲ့ ပထမအကြိမ် အမျှပေးဝေရသည်။ ဒုတိယအကြိမ်က ရှင်အဖြစ်၊ ရဟန်းအဖြစ်၊ ဗောဓိသတ္တအဖြစ်ခံယူပြီးနောက် ထိုကုသိုလ်အဖို့ကို ဒုတိယအကြိမ် အမျှပေးဝေရပါတယ် အမျှပေးဝေပုံကတော့ အလုံးစုံသောကုသိုလ်အနန္တကို ဝေနေယျသတ္တဝါအားလုံးကို အမျှပေးဝေပါ၏၊ ဒုက္ခရောက်နေသူ သတ္တဝါအားလုံးတို့သည် အမိတဘာဗုဒ္ဓ၏ သုဒ္ဓါဝါသဘုံသို့ လျှင်မြန်စွာ ရောက်ရှိပါစေ၊ အရပ်ဆယ်မျက်နှာရှိ အတိတ် အနာဂတ် ပစ္စုပ္ပန် ဘုရားအားလုံး ဘုရားလောင်းအားလုံးကို အသိမှတ်ပြုအပ်ပါပြီ၊ မဟာပညာပါရမိတာကို အမြတ်ဆုံးဒေသနာအဖြစ် ဖော်ပြအပ်ပါပြီ ဟူ၍ ဖြစ်ပါတယ်။
၃။ ၄။ တတိယ စတုတ္ထ တူညီတဲ့အချက်က ဥပဇ္ဈာယ်၊ ကမ္မဝါစာ၊ အနုသာသကဆရာတော်များကို သိမ်ထဲကို ပင့်ဖိတ်ခြင်းနှင့် ရတနာသုံးပါးနှင့် တရားစောင့်သူများကို ပင့်ဖိတ်ခြင်း ဖြစ်ပါတယ်။ ရတနာသုံးပါးနှင့် တရားစောင့်သူများအား ပင့်ဖိတ်ခြင်းအစီစဉ်ကို သိမ်ထဲရောက်နေပြီးသား ဥပဇ္ဈာယ်ဆရာတော်များက ဆောင်ရွက်ပါတယ်။ ရတနာသုံးပါးအနက် ဘုရားရတနာတွင် သကျမုနိဗုဒ္ဓ၊ အမိတဘာဗုဒ္ဓ၊ မေတ္တယျဗုဒ္ဓနှင့် အရပ်ဆယ်မျက်နှာရှိ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ဗုဒ္ဓများအားလုံး ပါဝင်ပါတယ်။ တရားရတနာတွင် ဟီနယာနနှင့် မဟာယာနမှ ဝိနည်းစာရင်များ၊ ပါတိမောက်များနှင့် တခြားအရေးကြီးသောဒေသနာများ ပါဝင်ပါတယ်။ သံဃာရတနာမှာ မဉ္ဇူသီရိ၊ အ၀လောကိတေသွာရ စတဲ့ အရေးကြီးတဲ့ ဘုရားလောင်းအမည်များနှင့် ဘုရားရှင်လက်ထက် ဥပါလိကနေ ဝိနည်းအစဉ်ဆက်မထေရ်များ ပါဝင်တယ်။ တရားစောင့်သူများတွင် သိကြား၊ ဗြဟ္မာ၊ လောကပါလနတ်မင်းကြီးလေးပါး၊ နဂါး၊ ကျောင်းစောင့်နတ်နှင့် မြင်အပ် မမြင်အပ်တဲ့ နတ်၊ ဗြဟ္မာများ ပါဝင်တာ တွေ့ရတယ်။
၅။ အစီစဉ်သုံးရပ်လုံးနှင့် ဆိုင်တဲ့ နောက်ဆုံးတစ်ချက်က ကျူးလွန်မိတဲ့အပြစ်တွေကို ဝန်ခံတဲ့အစီစဉ်ပါ။ ရှေးဦးစွာ သိမ်ကို သန့်ရှင်းရေးဆောင်ရွက်ပြီး ကမ္မဝါစာဆရာကို ပင့်ဖိတ်။ ၎င်းနောက် ကိုယ်စားပြုလေးဦး ဘိက္ခုနီနှစ်ပါးနှင့် ဘိက္ခုနှစ်ပါးက ရှေ့ထွက်လာပြီး လေးပါးအနက် နှစ်ပါးက အမွှေးတိုင်ကို သယ်ဆောင်လာကာ လှူဒါန်းမှုပြုရပါတယ်။ ရှင်လောင်း ရဟန်းလောင်းများက အ၀လောကိတေသွာရဘုရားလောင်းကို ဦးချရပါတယ်။ ထို့နောက်မှာတော့ မဟာယာနရဟန်းတော်များရဲ့ နေ့စဉ်ဝတ်ရွတ်စဉ်ဖြစ်တဲ့ နီလကဏ္ဌဓာရဏီ သို့မဟုတ် မဟာကရုဏာဓာရဏီလို့ခေါ်တဲ့ မဟာကရုဏာမန္တာန်ကို ရွတ်ဆိုရပါတယ်။
ကမ္မဝါစာဆရာက အကျဉ်းချုပ်တရားဟောပြီးနောက် ရှင်သာမဏေလောင်းများက ကျူးလွန်ဖူးသောအပြစ်များကို ဝန်ခံခြင်းအစီစဉ်ကို ဆောင်ရွက်ပါတယ်။ ရတနာသုံးပါးအပေါ် အ၀ဏ္ဏံ ဘာသတိ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုဖူးခြင်း ရှိ, မရှိ၊ ပဉ္စာနန္တရိယကံငါးပါးကို ကျူးလွန်ဖူးခြင်း ရှိ မရှိ၊ တခြားကြီးလေးသော ကံများကို ကျူးလွန်ဖူးခြင်း ရှိ မရှိ၊ အထူးသဖြင့် မဟာယာနကျမ်းစာများ၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုဖူးခြင်း ရှိ မရှိ စစ်ဆေးမေးမြန်းပြီး အပြစ်ကို ဝန်ခံရသည့် အစီစဉ် ဖြစ်ပါတယ်။ ရဟန်းလောင်း၊ ဗောဓိသတ္တလောင်းများကတော့ လောဘ၊ ဒေါသ၊ မောဟ ကြောင့် ကံသုံးပါးဖြင့် အကုသိုလ်များကို အတိတ်က ကျူးလွန်မိပါသည်၊ ယခုအခါ ထိုအပြစ်တို့ကို မြတ်ဗုဒ္ဓ၏ ရှေ့မှောက်တွင် ဝန်ခံပါ၏၊ ထိုအပြစ်များအတွက် ယခုအခါ နောင်တရပါပြီ၊ ထိုအပြစ်အားလုံး၏ မူလအရင်းမြစ်ကို ယခုအခါ ဝန်ခံပါ၏ ဟု အကျဉ်းချုပ် ရွတ်ဆို၍ အပြစ်ကို ဝန်ခံရပါတယ်။
ဓမ္မဂုတ္တဝိနည်းတော်အရ မဟာယာနရဟန်းတော်များ ရဟန်းပြုပုံ
🔳 မဟာယာနရဟန်းခံတဲ့နေရာမှာ ရဟန်းယောကျာ်းများအတွက် အဆင့် (၃) ဆင့်၊ ရဟန်းမတွေအတွက် အဆင့် (၄) ဆင့် ရှိပါတယ်။
ပထမဆင့်က ဖိတ်မန်တဲ့အဆင့် ဖြစ်ပါတယ်။ ၎င်းအဆင့်မှာ အောက်ပါ အစီစဉ် လေးရပ်ပါဝင်ပါတယ်။
၁။ ရဟန်းလောင်းသာမဏေများကို သိမ်ထဲမှာ စုဝေးနေရာယူစေခြင်း
၂။ ညွှန်ကြားပြသမည့် ဆရာများကို ဖိတ်ကြားခြင်း
၃။ သီလဥပဇ္ဈာယ ဥပဇ္ဈာယ်ဆရာကို ဖိတ်ကြားခြင်း
၄။ အနုသာကများထံမှ လမ်းညွှန်မှု ခံယူခြင်း
ကျူးလွန်မိတဲ့အပြစ်တွေကို ဝန်ခံရတဲ့ ဒုတိယအဆင့်မှာလည်း အောက်ပါအတိုင်း အစီစဉ်လေးရပ် ရှိပါတယ်။
၁။ သိမ်ကို သန့်ရှင်းရေးဆောင်ရွက်ပြီး ကမ္မဝါစာဆရာများကို ဖိတ်ကြားခြင်း
၂။ ကမ္မဝါစာဆရာမှ တရားဟောကြားပေးခြင်း
၃။ အပြစ်များကို ဖော်ထုတ် မေးမြန်းခြင်း
၄။ နောင်တရရှိမှုနှင့် အမျှတမ်းဝေခြင်း
အရေးကြီးဆုံးဖြစ်တဲ့ ဥပသမ္ပဒါဝိဓိအတိုင်း ကံဆောင်ရတဲ့ တတိယအဆင့်မှာ အောက်ပါအတိုင်း အစီစဉ် ဆယ့်ရှစ်ရပ် ပါဝင်ပါတယ်။
၁။ သီလဥပဇ္ဈာ ဥပဇ္ဈာယ်ဆရာနှင့် ဆရာများအား ပင့်ဖိတ်ခြင်း
၂။ သီလဥပဇ္ဈာ ဥပဇ္ဈာယ်ဆရာနှင့် ဆရာများအား မိတ်ဆက်ပေးခြင်း
၃။ သီလဆောက်တည်ခြင်း
၄။ အန္တရာယ်ကင်း ဘေးရန်ပါစေခြင်းအကျိုးငှါ ဘုရားရှင်ထံ ဆုတောင်းခြင်း
၅။ သီလဥပဇ္ဈာ ဥပဇ္ဈာယ်ဆရာမှ ရှင်းလင်းပြောကြားပေးခြင်း
၆။ သကျမုနိဗုဒ္ဓ၊ အမိတဘာဗုဒ္ဓ အစရှိသောဘုရားများနှင့် မြင့်မြတ်သောပုဂ္ဂိုလ်များအား ဖိတ်မန်ခြင်း
၇။ ရဟန်းလောင်းများအား နေရာချထာပေးခြင်း
၈။ ယခင်က လွန်ကျူးခဲ့သော လွန်ကျူးမှုများကို မေးမြန်းခြင်း
၉။ ကံဆောင်ဖို့ရန် ကမ္မဝါစာဆရာတော်၏ ရှေ့မှောက်တွင်နေရာယူခြင်း
၁၀။ ရဟန်းအဖြစ်ကို တောင်းခံခြင်း
၁၁။ ကမ္မဝါစာဆရာမှ ဉတ်ကို ရွတ်ဖတ်ခြင်း
၁၂။ အန္တရာယိကဓမ္မများကို မေးမြန်းခြင်း
၁၃။ ဝိနည်းသီလ၏ အနှစ်သာရကို ရှင်းပြပေးခြင်း
၁၄။ ဉတ်ကမ္မဝါစာရွတ်ဖတ်၍ ရဟန်းခံပေးခြင်း
၁၅။ ရဟန်းတစ်ပါးတာဝန်နှင့် နေ့စဉ်ဆောင်ရွက်ရမည့်အလုပ်များကို ရှင်းပြပေးခြင်း
၁၆။ ပစ္စည်းလေးပါးကို ပြောကြားခြင်း
၁၇။ နိဂုံးချုပ် ဩဝါဒပေးခြင်း
၁၈။ ကုသိုလ်အစုစုကို အမျှတမ်းပေးဝေခြင်း
ရဟန်းခံရာတွင် အရေးပါဆုံးဖြစ်သော တတိယအဆင့်ကို အနည်းငယ် ရှင်းလင်းပါ့မယ်။ အားလုံးကို အသေးစိတ် မရှင်းပြတော့ပါ။ ထူးခြားမှုရှိတယ်လို့ထင်တဲ့ အချက်တွေကိုပဲ ရှင်းလင်းမှာပါ။
နံပါတ်တစ်ပင့်ဖိတ်ခြင်းအစီစဉ်မှာ ကိုယ်စားပြုရဟန်းလောင်းရှစ်ပါးမှ ဥပဇ္ဈယ်ဆရာ၊ ကမ္မဝါစာဆရာ၊ အနုသာသကဆရာ ဆရာသုံးပါးနှင့် မျက်မြင်သက်သေ ကာရကသံဃာ ခုနှစ်ပါးကို ပင့်ဖိတ်ရတယ်။ မဟာယာနမှာ ထိုဆယ်ပါးကို ဆယ်ပါးသံဃာ့ကောင်စီလို့ခေါ်ပါတယ်။ နံပါတ်နှစ်အစဉ်အရ ပင့်ဖိတ်ထားသော ဆရာတော်များကို ရဟန်းလောင်းများနှင့် မိတ်ဆက်ပေးရတယ်။ အစီစဉ်နံပါတ်ခြောက် ပြီးဆုံးပြီးနောက် ရဟန်းလောင်းများကို အုပ်စုခွဲကာ အင်တာဗျူးမည့်အခန်းများတွင် နေရာယူရပါတယ်။ သံဃာတော်များနဲ့ ဟတ္ထပါသ်လွတ်ရာ အရပ်သို့ သွားပြီး မေးမြန်းတဲ့သဘောပါပဲ။ အနုသာသကဆရာက အနာကြီးရောဂါမျိုး အစရှိသဖြင့် အန္တရာယိကဓမ္မများကို ထေရဝါဒနည်းတူ မေးမြန်းစိစစ်ပါတယ်။ မေးမြန်းတဲ့အခါမှာ သပိတ်တစ်လုံး သင်္ကန်းသုံးထည်အပြင် နိသီဒိုင်နှင့် ရေစစ်ကိုပါ ထည့်သွင်းမေးမြန်းတာ တွေ့ရပါတယ် (အောက်မှာ ပုံတွေ ဖော်ပြထားပါတယ်)။ တချိန်တည်းမှာပဲ ရဟန်းလောင်းဟာ အခန်းကိုးခန်းပါတဲ့ ဒုကုဋ်သင်္ကန်းကြီးကို ဂါထာမန္တာန်များကို ရွတ်ပွား၍ လက်ခံရယူကာ ဆင်မြန်းရပါတယ်။ ထို့နောက် သိမ်ထဲတွင် ပြန်လည်နေရာယူပြီး ကမ္မဝါစာဆရာ၏ ရှေ့မှောက်တွင် နေရာယူရသည်။ ထိုအခါတွင် ကမ္မဝါစာဆရာမှ (ပထမတစ်ခါက အနုသာကဆရာ) တစ်ခါ အန္တရာယိကဓမ္မများကို ထပ်မံ၍ မေးမြန်းပါတယ်။ ထို့နောက် ဥပဇ္ဈာယ်ဆရာမှ အမေးအဖြေပုံစံဖြင့် ပါရာဇိကလေးပါးကို တစ်ပါးချင်း ရှင်းပြ၍ စောင့်ထိန်းခြင်း၍ စွမ်းနိုင်ပါသလားဟူ၍ မေးခွန်းမေးမြန်းသည့်အခါ ရဟန်းလောင်းက အာမ ဘန္တေ ခံရပါတယ်။ ထို့နောက် ကြွင်းသော သိက္ခာပုဒ်များကို အမျိုးမည်မျှပြောကြား၍ (တစ်ပါးချင်း မဟုတ်) အာမ ဘန္တေ ခံရတယ်။ ကမ္မဝါဖတ်တဲ့အခါ ကမ္မဝါစာဆရာ တစ်ပါးတည်းက ဉတ္တိစတုတ္တကမ္မဝါစာကို ဖတ်ပါတယ်။ ထေရဝါဒနည်းတူ တစ်ကြိမ်မှာ ရဟန်းလောင်းသုံးပါးသာ ရဟန်းခံခွင့်ပြုပါတယ်။
ထို့နောက် ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး မှီရာလေးပါးကို ပြောကြားပြီး နိဂုံးချုပ် ဩဝါဒပေးပြီး ပြုပြုသမျှကုသိုလ်တို့၏ အဖို့ဘာဂကို အမျှတမ်းပေးဝေခြင်းဖြင့် ရဟန်းခံပွဲကို အဆုံးသတ်ပါတယ်။
ထို့နောက် အထက်မှာ ဆိုခဲ့တဲ့အတိုင်း နောက်ဆုံးအဆင့်ဖြစ်တဲ့ ဘုရားလောင်းဗောဓိသတ္တအဖြစ် ဆက်လက် ခံယူတဲ့အစီစဉ်ကို ပြုလုပ်ရပါတယ်။
သီလများကို ဖော်ပြထားတဲ့ မဟာယာနဗြဟ္မဇာလသုတ်၊ ဗောဓိသတ္တဘူမိသုတ်၊ ကေယူလ မူလကမ္မသုတ်၊ ဥပါသကာသီလသုတ်နှင့် ယောဂါစာရဘူမိသတ္ထအရ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ထေရဝါဒနှင့် လုံး၀ခြားနားသွားတာ ဒီနောက်ဆုံးအပိုင်း ဖြစ်ပါတယ်။
ဗောဓိသတ္တအဖြစ်ခံယူပုံ
🔳 ရဟန်းခံပြီးတဲ့အခါ ဘုရားလောင်းရဟန်းအဖြစ် ဆက်လက် ခံယူရပါတယ်။ အထက်မှာ ဆိုခဲ့တဲ့အတိုင်း ဝိနည်းတော်အရ ဆောင်ရွက်တာမဟုတ်ပဲ ဗြဟ္မဇာလဗောဓိသတ္တသီလသုတ်၊ ကေယူရ မူလကမ္မသုတ်၊ ယောဂါစာရဘူမိကျမ်း၊ ဗောဓိသတ္တဘူမိသုတ်များအရ ဗောဓိသတ္တရဟန်းအဖြစ် ဘုရားလောင်းသီလ ခံယူတဲ့ အစီစဉ် ဖြစ်ပါတယ်။
ဗောဓိသတ္တသီလရဲ့ ထူးခြားတဲ့ လက္ခဏာက ရဟန်းဖြစ်စေ, လူဖြစ်စေ။ နတ်ဖြစ်စေ, လူသားဖြစ်စေ၊ သတ္တဝါအားလုံးဟာ တစ်တန်းစာတည်း တန်းတူရည်တူရှိကြပြီး တထာဂတဂဗ္ဘ ဘုရားမျိုးစေ့ ဗုဒ္ဓဗီဇကို ပိုင်ဆိုင်ထားကြသည်၊ ဓမ္မကာယ သမ္ဘောဂကာယ နိမ္မာနကာယဟူသော တြိကာယကို ပိုင်ဆိုင်ကြသည်ဟူသော ယုံကြည်ချက် ဖြစ်ပါတယ်။ မဟာယာနရဲ့ အဓိကအယူအဆချို့ကို ဗြဟ္မဇာလသုတ်၊ အ၀ဋံသကသုတ်နှင့် ပရိနိဗ္ဗာနသုတ်တို့တွင် တွေ့နိုင်ပါတယ်။ ဒါကြောင့် ဗောဓိသတ္တသီလကို ပေးတဲ့ဆရာရဲ့ အဆုံးအမစကားတော်ကို နားလည်ရင် လူဝတ်ကြောင်ဖြစ်စေ၊ ရဟန်းတော်ဖြစ်စေ မည်သူမဆို ဗောဓိသတ္တသီလကို ခံယူနိုင်ပါတယ်။ ဗောဓိသတ္တသီလခံယူပွဲဟာ ရဟန်းရှင်လူ နှစ်မျိုးလုံးနှင့် ဆိုင်ပါတယ်။
ဗောဓိသတ္တသီလခံယူတဲ့ အခမ်းအနားကို ဦးဆောင်ဖို့ ဝါတော်အားဖြင့် ကြီးရင့်သော မဟာမထေရ်ကို ပင့်ဖိတ်ရပါတယ်။ ထိုမဟာမထေရ်မှ ဗောဓိသတ္တသီလကို ချီးမြှင့်ပေးမည့် ဗုဒ္ဓဘုရားရှင်ကို ပင့်ဖိတ်ပါတယ်။ တချိန်တည်းမှာပဲ မျက်မြင်သက်သေကာရကသံဃာလေးပါးကိုလည်း ဖိတ်မာန်ရပါတယ်။ ရတနာသုံးပါးကို ရှိခိုးကန်တော့ပြီးတဲ့အခါ ကံကြီးကံငယ်ကို ဆောင်ရွက်ခြင်း၊ ဘုရားလောင်းအဖြစ် ခံယူမည့်သူများ စိတ်အားထက်သန်လာစေရန် ဗောဓိသတ္တသီလများကို အကျဉ်းချုပ် ရှင်းပြခြင်း အစီစဉ်ကို ဆောင်ရွက်ပါတယ်။ ဆက်လက်ပြီး အနုသာသကဆရာက ဗောဓိသတ္တရဟန်းအဖြစ် ခံယူရာမှာ အဟန့်အတားဖြစ်စေတဲ့ အန္တရာယိကဓမ္မများကို မေးမြန်းပါတယ်။
ဗောဓိသတ္တရဟန်းအဖြစ် ခံယူရာမှာ ထူးခြားပြီး အရေးကြီးတာက ဘုရားရှင်နှင့် ဘုရားလောင်းများရဲ့ အခန်းကဏ္ဍပါ။ ဒီအစီစဉ်မှာ ရဟန်းတော်များက အစီစဉ်ကို ညွှန်ကြားသူ အနေနဲ့ပဲ ဆောင်ရွက်ပါတယ်။ ဗောဓိသတ္တအဖြစ် ရဟန်းခံပွဲမှာ ဥပဇ္ဈာယ်ဆရာက သကျမုနိဗုဒ္ဓ ဖြစ်ပြီး၊ ကမ္မဝါစာဆရာက မဉ္ဇူသီရိဘုရားလောင်း ဖြစ်ပါတယ်။ အနုသာသကအဖြစ် မေတ္တေယျဘုရားလောင်းက ဆောင်ရွက်ပါတယ်။ အရပ်ဆယ်မျက်နှာမှာရှိကြတဲ့ ဘုရားရှင်များက မျက်မြင်သက်သေ ကာရကပုဂ္ဂိုလ်အဖြစ် ပါဝင်ပါတယ်။ အရပ်ဆယ်မျက်နှာမှာရှိကြတဲ့ ဘုရားလောင်းများက မိတ်ဆွေရင်းချာအဖြစ် ပါဝင်ပါတယ်။
အဲ့ဒီနောက်မှာတော့ ဗောဓိစိတ္တကို ပွားများဖို့ တိုက်တွန်းပြီး မယိုင်မလဲ ခိုင်မြဲစွာ ယုံကြည်ရမည့် အရာလေးမျိုးကို ပြောကြားပေးရတယ်။ ၎င်းလေးမျိုးမှာ ဘုရား၊ တရား၊ သံဃာနှင့် ကိုယ်ကျင့်သီလ တို့ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ သစ္စာလေးပါးနှင့် ဘုရားလောင်းတို့ရဲ့ အဓိကအဓိဋ္ဌာန်လေးမျိုးကို ဆက်လက် ပြောကြားပေးရပါတယ်။ အဓိဋ္ဌာန်လေးမျိုးမှာ သတ္တဝါအနန္တကို ကယ်တင်ပါမည်ဟု အဓိဋ္ဌာန်ပြုပါသည်၊ ကိလေသာအနန္တကို ဖယ်ရှားပါမည်ဟု အဓိဋ္ဌာန်ပြုပါသည်။ တရားတော်အနန္တကို သင်ယူလေ့လာပါမည်ဟု အဓိဋ္ဌာန်ပြုပါသည်၊ အမြတ်ဆုံးဗောဓိသတ္တလမ်းစဉ်ကို အဆုံးထိ လျှောက်လှမ်းပါမည်ဟု အဓိဋ္ဌာန်ပြုပါသည်။ ဒါ့အပြင် ဗောဓိသတ္တအဓိဋ္ဌာန် ဆယ့်လေးပါးနှင့် ဗြဟ္မဇာသုတ်မှာပါတဲ့ ဗောဓိသတ္တရဲ့ မဟာသီလဆယ်ပါးနှင့် စူဠသီလ ၄၈-ပါးကို ဥပဇ္ဈယ်ဆရာမှ ဦးဆောင်ဖတ်ပြပြီး ရဟန်လောင်းများမှ လိုက်နာပါမည်ဟု အာမဘန္တေ ခံရပါတယ်။
ဦးရေခွံအပေါ်တွင် မီးပူဇော်၍ အစက်ချခြင်းအစီစဉ်
🔳 ဗောဓိသတ္တအဖြစ် ရဟန်းပြုခြင်း အစီစဉ်ပြီးဆုံးပြီးနောက် ဦးခေါင်းပေါ်က ဦးရေခွံမှာဖြစ်စေ၊ လက်မှာဖြစ်စေ ရတနာသုံးပါးအပေါ် အသက်နှင့်ခန္ဓာကို စွန့်လွတ်လှူဒါန်းသွားပါမည်၊ အလုပ်အကျွေးပြုပါမည်ဟူသော အဓိဋ္ဌာန်ဖြင့် မီးရှို့ပူဇော်၍ အစက်အပြောက် ချရပါတယ်။ ထိုအစီစဉ်က အားလုံး မဖြစ်မနေ လုပ်ရတဲ့ အစီစဉ်တော့ မဟုတ်ပါဘူး။ ကိုယ်ပိုင်ဆန္ဒအရ မဆောင်ရွက်လိုပါက မဆောင်ရွက်ပဲ နေနိုင်တယ်။ ဒီနေ့ခေတ် တရုတ်ပြည်မှာတော့ အစိုးရက မပြုလုပ်ဖို့ တရားဝင် တားမြစ်ထားပါတယ်။ သို့သော်လည်း ရဟန်းတော်အများအပြား ဆက်လက် ဆောင်ရွက်လျက်နေကြဆဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မဟာယာန ရဟန်းတော်တချို့ရဲ့ ဦးခေါင်းပေါ်မှာ မီးလောင်ထားတဲ့ အစက်ပြောက်သုံးခုကို တွေ့ရမှာပါ။ အစက်အပြောက်သုံးခုက ရတနာသုံးပါးကို ရည်ညွှန်းသလို သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးကိုလည်း ရည်ညွှန်းပါတယ်။
ဒီအစက်ပြောက်ချတဲ့အစီစဉ်ကို Burning Ordination Scars လို့ခေါ်ပါတယ်။ ဒီအစဉ်လာကို တရုတ်ယွမ်မင်းဆက် ၁၂၈၈ စီအီးမှာ အစပြုပါတယ်။ မဟာယာနသုတ္တန်များဖြစ်တဲ့ သဒ္ဓမ္မပုဏ္ဏရိကသုတ်၊ ဗီယက်နာမ်ရဟန်းတော်တွေ နေ့စဉ်ရွတ်ဖတ်ရတဲ့ သုရင်္ဂမသုတ်၊ မဟာယာနဗြဟ္မဇာလသုတ်တွေကို အခြေခံပြီး ဖြစ်တည်လာတဲ့ အစဉ်လာဖြစ်ပါတယ်။
မဟာယာနဗြဟ္မဇာလသုတ်တော်ထဲမှာ ဖော်ပြထားတဲ့ စူဠသီလ ၄၈ပါးအနက် ၁၆ ပါးမြောက် သီလထဲမှာ ဗောဓိသတ္တအဖြစ် စတင်ခံယူသူ ဗောဓိသတ္တအသစ်ဟာ မြတ်ဗုဒ္ဓထံ ကိုယ်လက်အင်္ဂါများကို စွန့်လွှတ်၍ မီးပူဇော်နိုင်ရမည်၊ ထိုကဲ့သို့ ပြုလုပ်ရန် ငြင်းဆိုခြင်းဟာ စစ်မှန်သော ဗောဓိသတ္တမဟုတ်ကြောင်း မိန့်ဆိုထားပါတယ်။ ဒါ့အပြင် ဆာလောင်နေသော ကျား၊ ခြင်္သေ့၊ ဝံပုလွေနှင့် ပြိတ္တာများကို တွေ့ပါက ခန္ဓာကိုယ်ကို စွန့်လွှန်လှူဒါန်းရန် အဆင့်သင့်ဖြစ်နေရမည်ဟု လမ်းညွှန်ချက်ကိုလည်း ဖောပြထားပါတယ်။ ဒါကြောင့် ထိုသုတ္တန်များအရ ဆောင်ရွက်တာဖြစ်တယ်လို့ နားလည်နိုင်ပါတယ်။ ထေရဝါဒမှာလည်း ဘုရားလောင်းတို့ရဲ့ အလားတူ စွန့်လွှတ်မှုများကို သိဝိမင်းကြီးရဲ့ မျက်လုံးကို ဖောက်ထုတ်ပြီး လှူဒါန်းတဲ့ သိဝိရာဇစရိယ, သိဝိဇာတက၊ ခန္ဓာကိုယ်ကို စွန့်လွှတ်လှူဒါန်းတဲ့ ဘုရားလောင်းယုန်မင်းအကြောင်း ဖော်ပြထားတဲ့ သသပဏ္ဍိတစရိယ, သသပဏ္ဍိတဇာတက၊ မင်္ဂလဘုရားဟာ အလောင်းတော်ဘ၀တစ်ခုမှာ ခန္ဓာကိုယ်ကို မီးရှို့ပြီး ရှေးရှေးသောဗုဒ္ဓရဲ့ ဓာတ်တော်ဌာပနာထားတဲ့ စေတီတော်ကို ပူဇော်ခဲ့တာမျိုး ရှိပါတယ်။
ရဟန်းခံတဲ့အခါ အခန်းကိုးခန်းပါတဲ့ ဒုကုဋ်သင်္ကန်းကြီးကိုပေးသလို ဗောဓိသတ္တအဖြစ်ခံယူတဲ့အခါမှာလည်း ဗောဓိသတ္တ၏ သင်္ကေတဖြစ်တဲ့ သတ္တုဖြင့်ပြလုပ်ထားသော ခဂ္ဂသာရခေါ် ခေါင်းလောင်းတောင်ဝှေးကို ခပေးအပ် ချီးမြှင့်ပါတယ်။
နိဂုံးချုပ်အားဖြင့် မဟာယာနဟာ အလွန်ကျယ်ပြန့်သည် ဗုဒ္ဓဘာသာဂိုဏ်းဖြစ်သည့်အတွက် နိုင်ငံအပေါ်မူတည်ပြီး မတူညီတဲ့ ဓလေ့ထုံးတမ်းတွေ ဖြစ်ထွန်းလျက်ရှိပါတယ်။ ယခုဖော်ပြခဲ့တဲ့ အစီစဉ်တွေကတော့ အထူးသဖြင့် တရုတ်နှင့် ဗီယက်နာမ်မှာ ကျင့်သုံးလျက်ရှိတဲ့ အယူအဆတွေအပေါ် အခြေခံပြီး တင်ပြထားခြင်း ဖြစ်ပါတယ်။
ဓမ္မဂုတ္တဝိနည်း
https://suttacentral.net/pitaka/vinaya/lzh-dg-vi?lang=en
https://dharmaguptakavinaya.wordpress.com/page/2/
မဟာယာန သိမ်နှင့်ပတ်သက်ပြီး ရှင်းပြတဲ့ ဗီဒီယိုဖိုင့်
https://youtu.be/WiTSduq7TTM?si=Ya4Ja15Zgu3B4dhj
မဟာယာနသိမ်အမျိုးအစားကြောင်း
https://thuvienhoasen.org/a2421/ii-thiet-lap-cuong-gioi
ဘိက္ခုနီရဟန်းခံပွဲ
https://m.youtube.com/watch?v=RDN_Bbksy9Y
ဦ
ဦးဝဏ္ဏသိရီ (ပုလော)
============================
- မူရင်းလင့် = https://www.facebook.com/permalink.php?story_fbid=pfbid02uE9JzpYJ2ra4ojSkUxdpdnK69LXR7VG5S2pPLTmrhJDyRY7RywxvRRj3zC98Wsvel&id=100080489761302
Comments
Post a Comment