ကျောက်စာလာ အသောကမင်းကြီး

ဦးပညာသာရ


အသောကမင်းနှင့်ပတ်သက်၍မဟာဝံသစသောအစဉ်အလာကျမ်းစာများ အဆိုနှင့် ကျောက်စာအဆိုများ ကွဲပြားမှုရှိ

အသောကမင်းကြီး ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာပုံနှင့် တရားဓမ္မ (ကျောက်စာများတွင် ဖော်ပြထားသည့်အတိုင်း) သို့မဟုတ် ဗုဒ္ဓဓမ္မ (ဗုဒ္ဓဘာသာကျမ်းစာများတွင် သတ်မှတ်ဖော်ပြထားသည့်အတိုင်း) ပြန့်ပွားရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့ပုံဆိုင်ရာ အဖြစ်အပျက်များကို စာပေကျမ်းဂန်လာအထောက်အထားများနှင့် ကျောက်စာအထောက်အထားများတွင် မတူညီဘဲ ကွဲပြားစွာ ရေးသား ဖော်ပြထားပါတယ်။ 

 အစဉ်အလာ နှင့် ကျောက်စာ

အစဉ်အလာကျမ်းစာများအရ

ဘိသိက်ခံပြီးနောက် ၄ နှစ်မြောက် ...

နိဂြောဓသာမဏေကြောင့် ဗုဒ္ဓဘာသာသို့ ကူးပြောင်းခြင်း။

၅ နှစ်မြောက် - ၇ နှစ်မြောက်...

ဝိဟာရ (ကျောင်းပေါင်း) ၈၄,၀၀၀ ဆောက်လုပ်ခြင်း။

၆ နှစ်မြောက်

မောဂ္ဂလိပုတ္တတိဿမထေရ်ထံတွင် မဟိန္ဒမင်းသား ရဟန်းပြုခြင်းနှင့် သံဃမိတ္တာမင်းသမီး ဘိက္ခုနီမပြုခြင်း။

သံဃာတော်များအကြား သာသနာရေးဆိုင်ရာ ကံဆောင်မှုများ ဆိုင်းငံ့ထားရခြင်းကို အသောကမင်းကြီး ဝင်ရောက်ဖြေရှင်းပေးခြင်း။

 ၁၇ နှစ်မြောက်...

သံဃာတော်များအကြား စည်းကမ်းပျက်ပြားမှုနှင့် လျှော့တိလျှော့ရဲဖြစ်မှုများအပေါ် စိုးရိမ်ပူပန်မှုဖြစ်လာခြင်း၊ သာသနာသန့်ရှင်းတည်တံ့ရေးကို စတင်ဆောင်ရွက်ခြင်း။ ထိုမှတစ်ဆင့် မောဂ္ဂလိပုတ္တတိဿမထေရ်ကို သဘာပတိအဖြစ် တင်မြှောက်၍ ပါဋလိပုတ်ပြည်တွင် တတိယအကြိမ်မြောက် သံဂါယနာတင်ခြင်းကို ဖြစ်ထွန်းစေခဲ့သည်။

၁၈ နှစ်မြောက်...

ဗုဒ္ဓသာသနာတော် ပြန့်ပွားရေးအတွက် သာသနာပြုအဖွဲ့များ စေလွှတ်ခြင်း -

- သီရိလင်္ကာနိုင်ငံသို့ မဟိန္ဒမထေရ်။

- ကက်ရှ်မီးယား (Kashmir) နှင့် ဂန္ဓာရ (Gandhara) သို့ မဇ္ဈန္တိကမထေရ်။

- မဟီသကမဏ္ဍလ (မိုင်ဆိုး?) သို့ မဟာဒေဝမထေရ်။

- ဝနဝါသီသို့ ရက္ခိတမထေရ်။

- အပရန္တက (အနောက်အိန္ဒိယ) သို့ ဂရိလူမျိုး ဓမ္မရက္ခိတမထေရ်။

- မဟာရဋ္ဌသို့ မဟာဓမ္မရက္ခိတမထေရ်။

- ဂရိနိုင်ငံ (ယောနကလောက) သို့ မဟာရက္ခိတမထေရ်။

- ဟိမဝန္တာဒေသသို့ မဇ္ဈိမမထေရ်။

- သုဝဏ္ဏဘူမိ (အောက်မြန်မာပြည်နှင့် ထိုင်းနိုင်ငံ?) သို့ သောဏမထေရ်နှင့် ဥတ္တရမထေရ်။

၁၉ နှစ်မြောက်...

သီရိလင်္ကာနိုင်ငံတွင် ဘိက္ခုနီသာသနာ စတင်တည်ထောင်ရန်အတွက် သံဃမိတ္တာထေရီအား ဗောဓိပင်ပွားနှင့်အတူ စေလွှတ်ခြင်း။

၂၆ နှစ်မြောက်...

မောဂ္ဂလိပုတ္တတိဿမထေရ် လွန်တော်မူခြင်း။

၂၉ နှစ်မြောက်...

အသန္ဓိမိတ္တာ မိဖုရားကြီး ကွယ်လွန်ခြင်း။

၃၂ နှစ်မြောက်...

တိဿရက္ခာအား မိဖုရားကြီးအရာသို့ မြှောက်စားခြင်း။

၃၄ နှစ်မြောက်...

တိဿရက္ခာမိဖုရားသည် မနာလိုဝန်တိုစိတ်ကြောင့် ဗုဒ္ဓဂယာရှိ မဟာဗောဓိပင်ကို ဖျက်ဆီးစေခဲ့ခြင်း။

၃၇ နှစ်မြောက်...

အသောကမင်းကြီး နတ်ရွာစံခြင်း။

ကျောက်စာများအရ

၈ နှစ်မြောက်...

ကလိင်္ဂစစ်ပွဲ ဖြစ်ပွားခြင်း၊ ထို့နောက် နောင်တတရားနှင့် ပူဆွေးသောကရောက်ခြင်း (အဓိက ကျောက်စာအမှတ် ၁၃ - RE XIII)။

၉ နှစ်မြောက် - ၁၀ နှစ်မြောက်...

မြတ်စွာဘုရား၏ ဥပါသကာ (ဒကာ) ဖြစ်လာသော်လည်း ထူးထူးခြားခြား ကြိုးပမ်းအားထုတ်မှု မရှိသေးခြင်း (အသေးစား ကျောက်စာအမှတ် ၁ - MRE I)။

မဟာဗောဓိပင်သို့ အဖူးအမြော် ခရီးဒေသစာရီကြွချီခြင်း (အဓိက ကျောက်စာအမှတ် ၈ - RE VIII)။

ပြည်သူလူထုအား တရားဓမ္မ စတင်ဟောပြောပို့ချခြင်း (အသေးစား ကျောက်စာအမှတ် ၄ ၏ ဂရိ/အာရမိတ် ဘာသာပြန်မူများ - MRE IV)။

နယ်စပ်ဒေသများ (စောဠ၊ ပါဏ္ဍျ၊ သတိယပုတ္တ၊ ကေရလ၊ တာမြပရဏီ၊ ဂရိဘုရင် အန္တိယောကမင်း၏ နိုင်ငံနှင့် ယင်းနှင့် ထိစပ်နေသော နယ်မြေများ) တွင် လူနှင့် တိရစ္ဆာန်များအတွက် ဆေးကုသမှုများ ပံ့ပိုးပေးခြင်း၊ ထိုနေရာများတွင် ဆေးဖက်ဝင်အပင်များ စိုက်ပျိုးခြင်း၊ လမ်းဘေးဝဲယာတွင် ရေတွင်းများတူးခြင်းနှင့် သစ်ပင်များစိုက်ပျိုးခြင်း (အဓိက ကျောက်စာအမှတ် ၄ - RE IV)။

၁၀ နှစ်မြောက် သို့မဟုတ် ၁၁ နှစ်မြောက်....

သံဃေ ဥပယီတေ (Sanghe upayite) - သံဃာတော်များနှင့် နီးကပ်စွာ ဆက်ဆံမှုရှိလာခြင်း (အသေးစား ကျောက်စာအမှတ် ၁ - MRE I)၊ ၂၅၆ ရက်ကြာ အင်ပါယာနိုင်ငံအနှံ့ လှည့်လည်ခြင်း (အသေးစား ကျောက်စာအမှတ် ၁ - MRE I)။

၁၂ နှစ်မြောက်...

တရားဓမ္မ ပြန့်ပွားထွန်းကားစေရန်အတွက် ကျောက်စာများ စတင်ထုဆစ် စိုက်ထူခြင်း။ ရာဇုက (အရာရှိများ) နှင့် ပြာဒေသိက (နယ်ခြားစောင့်အရာရှိများ) အား စစ်ဆေးရန်အတွက်လည်းကောင်း၊ တရားဓမ္မ ဟောပြောပို့ချရန် အထူးရည်ရွယ်ချက်ဖြင့်လည်းကောင်း ငါးနှစ်လျှင်တစ်ကြိမ် နယ်လှည့်ခရီးထွက်ရန် အမိန့်ထုတ်ပြန်ခြင်း (အဓိက ကျောက်စာအမှတ် ၃ - RE III)။

၁၃ နှစ်မြောက်...

ဓမ္မမဟာမတ် (Dharma-mahāmātra) ရာထူးကို စတင်ခန့်အပ်ခြင်း (အဓိက ကျောက်စာအမှတ် ၅ - RE V)။

၁၄ နှစ်မြောက်

ကနကမုနိဗုဒ္ဓမြတ်စွာဘုရား၏ စေတီတော်ကို ပိုမိုကြီးမားအောင် မွမ်းမံမွမ်းမံပြင်ဆင်ခြင်း (အသေးစား ကျောက်တိုင်စာအမှတ် ၂ - PI II)။

၁၉နှစ်မြောက်... 

မိုးရာသီ ရေကြီးချိန်တွင် ရေလွတ်ရာ၌ နေထိုင်နိုင်ကြရန်အတွက် ခလာတိက (Khalatika) ဂူကို ရသေ့ရဟန်းများအား လှူဒါန်းခြင်း။

၂၀ နှစ်မြောက်

မြတ်စွာဘုရား ဖွားမြင်တော်မူရာ လုမ္ဗိနီသာမောအင်္ကြင်းတော သို့ ဖူးမြော်ရန် ဘုရားဖူးခရီးကြွချီခြင်း (အသေးစား ကျောက်တိုင်စာအမှတ် ၁ - PI I)။ 

ကနကမုနိဗုဒ္ဓမြတ်စွာဘုရား၏ စေတီတော်သို့ ဖူးမြော်ခြင်း (အသေးစား ကျောက်တိုင်စာအမှတ် ၂ - PI II)။

၂၆ နှစ်မြောက်...

ကျောက်တိုင်အမိန့်စာ ၄ နှင့် ၅ (Pillar Edict IV and V)၊ ကျောက်တိုင်စာ ၁ (Pillar Inscription I) တို့ကို ရေးထိုးခြင်း။

၂၇ နှစ်မြောက်...

ကျောက်တိုင်အမိန့်စာ ၄ ကို ရေးထိုးခြင်း (ဤသည်မှာ ခုနှစ်ရက်စွဲပါသော သူ၏ နောက်ဆုံးကျောက်စာ ဖြစ်သည်)။

သမိုင်းဆရာတို့၏မေးခွန်း...

သမိုင်းဆရာတို့က အသောကမင်းကြီးသည် (မိမိ၏ ကျောက်စာများတွင်) နိဂြောဓသာမဏေနှင့် မောဂ္ဂလိပုတ္တတိဿမထေရ် (သို့မဟုတ် သံသကရိုက် ဗုဒ္ဓဘာသာကျမ်းစာများအရ သမုဒ္ဒရနှင့် ဥပဂုပ္ပမထေရ်) တို့၏ အကြောင်းကို အဘယ်ကြောင့် မဟဘဲ နှုတ်ဆိတ်နေခဲ့ရသနည်း?...

ထို့အပြင် ဗုဒ္ဓဘာသာကျမ်းစာများတွင်လည်း ကလိင်္ဂစစ်ပွဲနှင့် ယင်းစစ်ပွဲကြောင့် အသောကမင်းကြီးအပေါ် စိတ်နှလုံးထိခိုက်ခံစားရမှုတို့နှင့် ပတ်သက်၍ အဘယ်ကြောင့် လုံးဝရည်ညွှန်းဖော်ပြထားခြင်း မရှိရသနည်း?...

ဗုဒ္ဓဘာသာသို့ ကူးပြောင်းသက်ဝင်ခြင်းသည် ဤစစ်ပွဲမတိုင်မီကလား သို့မဟုတ် စစ်ပွဲပြီးနောက်မှလား?..စသော မေးခွန်းတွေထုတ်ကြပါတယ်။

တီဒဗလျူ ရိုင်းစ် ဒေးဗစ် (T.W. Rhys Davids) ၏ အစဉ်အလာကျမ်းစာလာ အထောက်အထားများအပေါ် ဆန်းစစ်ချက်မှာ "သူတို့၏ အထောက်အထားများသည် များစွာနောက်ကျမှ ပေါ်ထွက်လာခြင်း ဖြစ်သော်လည်း၊ ၎င်းတို့၏ အမြင်များတွင် အမှန်တရား လုံးဝမပါဝင်ဟု ကျွန်ုပ် မပြောလိုပါ" ဟူ၍ ဆိုကာ ဤနည်းဖြင့် အသောကမင်းကြီး သံဃာတော်များနှင့် စတင်ထိတွေ့ခဲ့သည့် အချိန်ကာလသည် ကလိင်္ဂစစ်ပွဲမတိုင်မီက ဖြစ်သည်ဟု သွယ်ဝိုက်၍ သတ်မှတ်ပြီးနောက် သူက ဤသို့ ကောက်ချက်ချခဲ့သည် - "သို့သော် မင်းကြီး၏ စိတ်နေသဘောထား ပြောင်းလဲသွားရခြင်း၏ အကြောင်းရင်းတစ်ခုမှာ အနည်းဆုံးအားဖြင့် ရဟန္တာတစ်ပါးပါး၏ တိုက်တွန်းနှိုးဆော်မှု သို့မဟုတ် ဆွေးနွေးမြွက်ကြားမှုကြောင့် ဖြစ်နိုင်ခြေ အလွန်များပါသည်။ ထို့ကြောင့် မှတ်တမ်းနှစ်ခုစလုံး မှန်ကန်သည်ဟု ကျွန်ုပ်တို့ ယူဆနိုင်ပါသည်။" ဟုဆိုထားသည်။

ဂျိမ်းစ် အမ် မက်ဖေးလ် (James M. Macphail) ကမူ သူ၏အမြင်အရ အသောကမင်းကြီး ဗုဒ္ဓဘာသာသို့ ကူးပြောင်းခြင်းသည် ကလိင်္ဂစစ်ပွဲမတိုင်မီက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သူက ယူဆသည်ကို တွေ့ရသည် သူ့အဆိုအရ  ပညာရှင်အများစုအကြား ရှုပ်ထွေးမှုများ ဖြစ်ရခြင်းမှာ အဓိက ကျောက်စာအမှတ် ၁၃ (RE XIII) ကို အသောကမင်းကြီး၏ "ဗုဒ္ဓဘာသာသို့ ကူးပြောင်းခြင်း မှတ်တမ်း" အဖြစ် ယေဘုယျအားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသောကြောင့် ဖြစ်သည်။ ဤကျောက်စာကို အသေးစား ကျောက်စာအမှတ် ၁ (MRE I) နှင့် အသေအချာ နှိုင်းယှဉ်၍ အသေးစိတ် စိစစ်ကြည့်ပါက၊ အသောကမင်းကြီး ဗုဒ္ဓဘာသာသို့ ကူးပြောင်းသက်ဝင်ပုံကို အဓိက ဖော်ပြနေသည်မှာ (အဓိက ကျောက်စာအမှတ် ၁၃ မဟုတ်ဘဲ) အသေးစား ကျောက်စာအမှတ် ၁ သာ ဖြစ်ကြောင်း တွေ့ရှိရလိမ့်မည်။ အဓိက ကျောက်စာအမှတ် ၁၃ (RE XIII) က ပြန်ပြောင်းပြောပြနေသည်မှာ အသောကမင်းကြီး၏ ပြင်းထန်သော စိတ်လှုပ်ရှားမှု အတွေ့အကြုံဖြစ်ပြီး၊မင်းတစ်ပါး၏ အဓိကတာဝန်အဖြစ် ပြဋ္ဌာန်းထားသော လက်နက်အားကိုးဖြင့် နယ်မြေချဲ့ထွင်ခြင်း 'ဒိဂ်ဝိဇယ' (dig-vijaya) ဝါဒမှသည် တရားဓမ္မဖြင့် အောင်နိုင်ခြင်း 'ဓမ္မဝိဇယ' (dharmavijaya) သို့ ပြောင်းလဲရန် တွန်းအားပေးခဲ့ခြင်း ဖြစ်သည် ဟုဆိုပါတယ်။

King Aoka and Buddhism HISTORICAL AND LITERARY STUDIES Edited By ANURADHA SENEVIRATNA (1994)

Ven Paññâsâra (Ratanodadhi)

----


မူရင်းလင့် ...  https://www.facebook.com/mhawwin.dar/posts/pfbid026U3WoazNKf96iwzHCuADbQSJ9cyxHYko5qRtCZ2Mz7QheLr3b7XudRHL1V32x7Kul

Comments

Popular posts from this blog

လောကဝဇ္ဇ နှင့် ပဏ္ဏတ္တိဝဇ္ဇ

ဝီရိယ (၃) မျိူး

ပါဠိပထမပြန်နှင့် ဓမ္မာစရိယစာမေးပွဲ