ကဿပသံယုတ် (သံ၊၁၊၃၉၉)

အရှင်မဟာကဿပနှင့် ဆက်စပ်၍ အရှင်မြတ်၏ဂုဏ်ရည်များ, မြတ်ဘုရားနှင့် အရှင်မြတ်တို့၏  သံဃာ့အရေး သာသနာ့အရေး ဆွေးနွေးချက်များကို စုစည်းပြထားသော ကဿပသံယုတ်သည် သုတ္တန်ပိဋကတ် သံယုတ္တနိကာယ် နိဒါနဝဂ္ဂသံယုတ်ဆယ်ခုရှိရာ  ပဉ္စမသံယုတ်နေရာ၌  တည်ရှိပြီး သုတ်ဆယ့်သုံးသုတ်ဖြင့်  ဖွဲ့စည်းထားပါသည်။ထိုဆယ့်သုံးသုတ်ကို ပိုင်းခြားလေ့လာလျှင်

*အရှင်မြတ်၏ ဂုဏ်ရည်များပြဆိုချက်

*မြတ်ဘုရားနှင့် အရှင်မြတ်တို့၏ သာသနာ့အရေး သံဃအရေးဆွေးနွေးချက်

*အရှင်မြတ်၏ ဩဇာအရှိန်အဝါ

 ဟု သုံးပိုင်းတွေ့ရပါသည်။

ဤသံယုတ်၌ အရှင်မြတ်၏ ဂုဏ်ရည် ဆယ့်ရှစ်ချက်ကို ရှာတွေ့ပါသည်။ 

၁။ ရတတ်သမျှသော ပစ္စည်းလေးပါးဖြင့်ရောင့်ရဲခြင်း

၂။ရောင့်ရဲခြင်း၏ ဂုဏ်ကျေးဇူးကို ထုတ်ဖော်ပြောဆိုခြင်း

၃။ မအပ်စပ်သောနည်းဖြင့် ပစ္စည်းလေးပါးကို မရှာဖွေခြင်း

၄။ပစ္စည်းလေးပါးကိုရပါရစေဟု မတောင့်တခြင်း

၅။ရလာသောပစ္စည်းလေးပါးအပေါ်၌ မက်မောမှုမရှိခြင်း

၆။ အပြစ်ကိုရှု၍ ပညာဖြင့် ဆင်ခြင်သုံးဆောင်ခြင်း (သန္တုဋ္ဌသုတ်)

၇။ ဒကာ ဒကာမတို့နှင့်  ကိုယ်ဝေးစိတ်ခွာ ဆက်ဆံခြင်း

၈။ ဒကာ ဒကာမတို့အပေါ်၌ သံယောဇဉ်မထားခြင်း

၉။ ဒကာ ဒကာမတို့  ကောင်းမှုဖြစ်ထွန်းပါစေဟူသော မေတ္တာဖြင့် ချဉ်းကပ်ခြင်း

၁၀။ မြတ်စွာဘုရား၏ တရားတော်ကို ဒကာဒကာမများ နာယူပြီး ကျင့်ကြံနိုင်ကြပါစေ ဟု စင်ကြယ်သော စိတ်ဖြင့် တရားဟောခြင်း (စန္ဒူပမသုတ်)

၁၁။ ဒကာ ဒကာမတို့၏ ပေးလှူမှုအပေါ် အတ္တဆန္ဒဖြင့် ပုံမဖော်ခြင်း (ကုလူပကသုတ်)

၁၂။ အာရညက ဓုတင်ဆောက်တည်ခြင်း

၁၃။ပိဏ္ဍပါတ်ဓုတင် ဆောက်တည်ခြင်း

၁၄။ပံသုကူဓုတင် ဆောက်တည်ခြင်း

၁၅။တိစီဝရိက် ဓုတင်ဆောက်တည်ခြင်း

၁၆။ မြတ်ဗုဒ္ဓနည်းတူ ရူပဈာန်လေးပါး အရူပဈာန်လေးပါးနှင့် နိရောဓသမာပတ်တို့ကို ဝင်စားနိုင်ခြင်း၊ 

၁၇။ မြတ်ဗုဒ္ဓနည်းတူ ဣဒ္ဓိဝိဓ, ဒိဗ္ဗသောတ, ပရစိတ္တဝိဇာနန, ပုဗ္ဗေနိဝါသာနုဿတိ, ဒိဗ္ဗစက္ခု  အဘိညာဉ်တို့ ရရှိခြင်း

၁၈။မြတ်ဗုဒ္ဓနည်းတူ  အရဟတ္တဖိုလ်ကိုရရှိခြင်း (ဈာနာဘိညသုတ်)

ဤဂုဏ်ရည်ဆယ့်ရှစ်ပါးတွင်ပဌမဆယ့်တစ်ပါးသည် ရဟန်းတိုင်းလိုက်နာသင့်သော စံပြရဟန်းဂုဏ်ရည် တို့ဖြစ်ပါသည်။ ဓုတင်ဆောင်ခြင်းဂုဏ်တို့သည်ကား စွမ်းဆောင်အားရှိသော ရဟန်းတချို့အတွက်သာ ဖြစ်ပါသည်။ ဈာန် ၊ အဘိညာဉ် နှင့် အရဟတ္တဖိုဂုဏ်ရည်တို့သည်ကား အခြားရဟန်းများနှင့် လုံးဝမဆိုင် မြတ်ဘုရားနှင့် အရှင်မြတ်တို့၏ တူညီမှုပြ အထူးဂုဏ်တို့သာဖြစ်ပါသည်။ 

မြတ်ဘုရားနှင့် အရှင်မြတ်တို့၏ ဆွေးနွေးချက်များ၌

၁။ နောင်လာနောင်သား ရဟန်းများ အတုခိုးမမှားစေဖို့ မထေရ်ကြီးများသည် စံနမူနာဖြစ်အောင် နေထိုင်သင့်ပုံ(ဇိဏ္ဏသုတ်)

၂။ အနေအထိုင် မတတ်သော ရှင်ငယ်ရဟန်းငယ်များကို ပစ်မထားပဲ ဆိုဆုံးမသင့်ပုံ (ပထမဩဝါဒသုတ်) 

၃။ ဆိုဆုံးမခြင်း မခံသူတို့သည် မိမိ၏ ဆုတ်ယုတ်ကြောင်းကို မိမိကိုယ်တိုင်လုပ်ရာရောက်ပုံ(ဒုတိယ ဩဝါဒသုတ်)

၄။ ဓုတင်ဆောက်တည်ခြင်း၏ဂုဏ်, အလိုနည်းခြင်း ရောင့်ရဲခြင်း၏ဂုဏ်, ဆိတ်ငြိမ်ရာအရပ်၌ နေရခြင်း၏ဂုဏ်, လူတို့နှင့် မရောနှောရခြင်း၏ဂုဏ်တို့ကို ရှင်ငယ်ရဟန်းငယ်များ သိရှိ နားလည် ကျင့်ကြံကြဖို့ ပညာပေးလုပ်သင့်ပုံ ၊ ကျင့်ကြံသော ထိုရှင်ငယ်ရဟန်းငယ်တို့ကို မထေရ်ကြီးများက ပွဲထုတ်သင့်ပုံ (တတိယဩဝါဒသုတ်)

၅။ ရွှေအတုကြောင့် ရွှေအစစ်ကွယ်ပျောက်ရသကဲ့သို့  တရားအတုတို့ကြောင့် တရားအစစ်တို့ ကွယ်ပျောက်ရပုံ ၊ ထို့နောက် သာသနာကွယ်ပျောက်ရပုံ

၆။ သာသနာကွယ်ခြင်း မကွယ်ခြင်းသည် သာသနာတွင်းသား ရဟန်းရှင်လူတို့အပေါ်၌ အဓိကမှီတည်နေပုံ(သဒ္ဓမ္မပဋိရူပကသုတ်)

တို့ကို ဆွေးနွေးထားပါသည်။

*အရှင်မြတ်၏ ဩဇာအရှိန်အဝါ

၁။ အရှင်သာရိပုတ္တရာကပင် တလေးတစားသွား၍ သစ္စာမသိထိုက် သိထိုက်သောရဟန်း(အနောတ္တပ္ပီသုတ်) သတ္တဝါသည် သေပြီးနောက် ဖြစ်မဖြစ်အယူများကို (ပရံမရဏသုတ်) မေးမြန်းဆွေးနွေးခြင်း ၊ အရှင်အာနန္ဒာအား ဒီကောင်လေး ကိုယ့်အထွာ ကိုယ်မသိဘူးဟု ဆူငေါက်ပုံတို့ကို ထောက်ဆလျှင် အရှင်မြတ်သည် ရဟန်းသံဃာထုအပေါ်၌ ဩဇာအရှိန်အဝါကြီးမားကြောင်းကို တွေ့ရသည်။ 

အချုပ်အားဖြင့်ဆိုရပါလျှင် ကဿပသံယုတ်၌ ရဟန်းကောင်းတစ်ပါးဖြစ်ဖို့ အတုယူကျင့်ကြံရမည့်  စံပြရဟန်းဂုဏ်ရည်များ ၊ ဒကာဒကာမတို့အနေဖြင့် ကိုးကွယ်သင့်သောရဟန်းကောင်းကို စီစစ်နည်းများ၊   သံဃအရေး သာသနာ့အရေး သတိထား ရှောင်ရှားစရာများ ၊ လိုက်နာစရာများကို တွေ့ရပါသည်။ 

မြတ်စွာဘုရားသည် အရှင်မြတ်အား လမင်းနှင့်တူသည်ဟု တင်စားပြောခြင်းမှာ သာမန် တင်စားပြောသည်မဟုတ်ပဲ  နေကွယ် သောအခါ  လ သာလာမည်ဖြစ်သလို မြတ်ဘုရား တည်းဟူ သော နေမင်းကွယ်သောအခါ  အရှင်မြတ် ဟူသော လမင်းသာလိမ့်မည်ဟု သာသနာ့ဗျာဒိတ် ထားခြင်း ဖြစ်သည်ဟု ခံစားမိပါသည်။ ထိုလမင်း သည် ကြယ်အပေါင်း၏ အကူညီဖြင့် ယနေ့ ထက်တိုင်  အန္ဓဘူတ  အမှောင်လောကကို အလှဆင် လင်းလက်၍ အအေးဓာတ်များ ပေးဝေ နေဆဲဖြစ်သည်ဟု ယုံကြည်ပါသည်။ သာသနာ့ကောင်းကင်က နေမင်း လမင်း ကြယ်မင်းအပေါင်းကို ဤစာတမ်းဖြင့် ရိုသေဂါရဝပြုပါကြောင်း တင်ပြရင်း နိဂုံးချုပ် အဆုံးသတ်ပါသည်။

ကဗျာအနေဖြင့်ဖတ်လိုပါက---

https://www.facebook.com/share/p/1A9XpQHGzA/

အရှင်ပညာသေဋ္ဌိ 

မောင်ရဟန်း(သာသနာ့ရင်ခွင်)

၂၁-၁၁-၂၀၂၅


မူရင်းလင့် 

https://www.facebook.com/ya.hann.77063/posts/pfbid02ZnFVZ5DDVKwu6dZCAC2KrfSjEsDVAvtc6q7UeJYyUfetQEapY9tYtLwKP3cunYr6l

Comments

Popular posts from this blog

လောကဝဇ္ဇ နှင့် ပဏ္ဏတ္တိဝဇ္ဇ

ဝီရိယ (၃) မျိူး

ပါဠိပထမပြန်နှင့် ဓမ္မာစရိယစာမေးပွဲ