အနေကဇာတင်ခြင်း
အနေကဇာတင်ခြင်း (မြတ်စွာဘုရားသည် ဘုရားဖြစ်ပြီးနောက်နေ့ အရုဏ်တက် ချိန်၌ အနေကဇာတိသံသာရံ စသော ဂါထာ နှစ်ပုဒ်ကို ဥဒါန်းကျူးရင့်တော်မူ၏။ ဓမ္မပဒဂါထာ (၁၅၃) (ဓမ္မ၊ဋ္ဌ၊၂၊၈၀) ဘုရားဆင်းတုတော်၊ စေတီပုထိုးအသစ် တည်ထား ကိုးကွယ်သော အခါတိုင်း သံဃာတော်များက ၎င်းနှစ်ဂါထာနှင့် ပဋိစ္စသမုပ္ပါဒ်ပါဠိတော်တို့ကို ရွတ်ဖတ်ပူဇော်၍ အနေကဇာ တင်တော်မူလေ့ရှိ၏။ “အနေကဇာ” ဟူသော ပါဠိဖြင့် စသောကြောင့် အနေကဇာတင်သည်ဟု ဆိုခြင်း ဖြစ်သည်။)
(ဘာသာရေး အနှစ်သာရများ၊ အနေကဇာတင် (အရှင်နန္ဒသေနာလင်္ကာရ): ရုပ်ပွားဆင်းတုတော်ကို အနေကဇာတင်ရမယ်၊ အနေကဇာတင်တဲ့အခါ ဘာတွေ ပါရမယ်။ ဘာတွေ ရွက်ရမယ်၊ စသည်ဖြင့် မိန့်ဆို ညွှန်ကြားထားတာ စာရေးသူ လေ့လာမိသလောက် ပိဋကတ်တော်မှာ အရိပ်အယောင်မျှ မတွေ့ရပါဘူး။ (နှာ - ၆၀) (ထိုင်းတို့ သီရိလင်္ကာတို့မှာလည်း ဒီအလေ့အထ မရှိပါဘူး။) မြန်မာနိုင်ငံမှာတော့ ဘုရင့်နောင်မင်းတရားကြီး ၉၄၃ - ခုနှစ် ရွှေတိဂုံ စေတီတော်ကို သွားရောက်ဖူးမျှော်ပြီး ထီးတော်တင်လှူတဲ့အခါ အနေကဇာတင် လှူကြောင်း မှန်နန်းမှာ ပြဆိုထားပါတယ်။ ကျမ်းဂန်အနေနဲ့ သာလွန်မင်းတရား လက်ထက် တောင်ဖီလာဆရာတော် ရေးသားပြုစုတော်မူတဲ့ ဝိနယာလင်္ကာရ ဋီကာ (ဒုတွဲ၊ စာ ၂၇၀) မှာ အနေကဇာတင်နဲ့ ပတ်သက်တဲ့ စကားတွေကို တွေ့ရပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံ အတိုင်းအတာနဲ့ ပြောရရင် တောင်ငူခေတ်မှစလို့ အနေကဇာတင်ကိစ္စကို လေ့လာရတယ်လို့ ပြောနိုင်ပါတယ်။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ - ၁၄ မှာတော့ အနေကဇာ တင်ပွဲသည် မြန်မာနိုင်ငံမှ စတင်ပေါက်ဖွားလာသော ပွဲမဟုတ်၊ ဇင်းမယ် (ယိုးဒယား) ပြည်မှ စတင် ဖြစ်ပေါ်လာ၍ မြန်မာနိုင်ငံသို့ ပြန့်ပွားရောက်ရှိ လာတယ်လို့ ပြဆိုထားတာ တွေ့ရပါတယ်။
(ရဝေထွန်း၊ အတွဲ-၁၊ ၇၇။ အတွဲ - ၅၊ ၁၆၊ ၁၄၅) (ဓမ္မဒူတအရှင်ပညာ ဇောတရေးသည့် ဆောင်းပါးရှိ)
(သမိုင်းနှင့် ယဥ်ကျေးမှု)
Comments
Post a Comment